အမ်းမရိတ်လေကြောင်းလိုင်း

September 6, 2018

အမ်းမရိတ်လေကြောင်း ခရီးသည် ၁၉ ဦး ဖျားနာ၊ လေဆိပ်တွင် ရောဂါကာကွယ်မှု လုပ်ဆောင်

အမ်းမရိတ်လေကြောင်းလိုင်း လေယဉ်တစီးပေါ်မှာ စီးနင်းလိုက်ပါလာတဲ့ ခရီးသည် ၁၉ ဦးဟာ ဖျားနာခဲ့တဲ့အတွက် လေဆိပ်မှာ အရေးပေါ် ရောဂါကာကွယ်ထိန်းချုပ်မှုတွေ လုပ်ဆောင်နေရတယ်လို့ ဘီဘီစီသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ အဲဒီလေယာဉ်ဟာ ဒူးဘိုင်းမြို့ကနေ နယူးယောက်မြို့ဆီ ပျံသန်းခဲ့တာဖြစ်ပြီး ဂျွန်အက်ဖ်ကနေဒီ လေဆိပ်ကို ရောက်ရှိချိန်မှာ ဖျားနာနေတဲ့ ခရီးသည် ၁၁ ဦးကို ဆေးရုံပို့ဆောင်ခဲ့ကာ ကျန်တဲ့ခရီးသည်တွေကတော့ ဆေးကုသမှုခံယူဖို့ ငြင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ (စီဒီစီ) ကတော့ လေယာဉ်ပေါ်ပါ ဝန်ထမ်းတချို့ အပါအဝင် ခရီးသည် ၁၀၀ လောက် ဖျားနာနေတယ်လို့ ကနဦး ပြောကြားခဲ့တာပါ။ “လေယာဉ်ပေါ်ပါ လေကြောင်းလိုင်း ဝန်ထမ်းတချို့ အပါအဝင် လူပေါင်း ၁၀၀ နီးပါးဟာ ချောင်းဆိုး၊ ဖျားနာပြီး အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေ တွေ့ရတယ်” လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။ ဒူဘိုင်းမြို့က ထွက်ခွာလာတဲ့ လေယာဉ်ပေါ်မှာတော့ ခရီးသည် ၅၂၁ ဦး လိုက်ပါလာခဲ့တာဖြစ်ပြီး ဆိုက်ရောက်ချိန်မှာတော့ အရေးပေါ် လူနာတင်ယာဉ်တွေကို ပြေးလမ်းတွေပေါ်မှာ တွေ့မြင်နေရပါတယ်။ အမေရိကန်အဆိုတော် ဗနီလာအိုက်စ်လည်း အဲဒီလေယာဉ်ပေါ်မှာ ပါလာခဲ့ပြီး ဒီအရေးပေါ်အခြေအနေကို ရုပ်သံမှတ်တမ်းတင် မျှဝေခဲ့တာပါ။ လေယာဉ်ဆိုက်ရောက်ပြီး မကြာခင်မှာပဲ ဖျားနာနေတဲ့ ခရီးသည်တွေကို စာရင်းကောက်ယူပြီး ဘာမှမဖြစ်တဲ့သူတွေကို ဆင်းခွင့်ပြုခဲ့ရတယ်လို့ အမ်းမရိတ်လေကြောင်းလိုင်းက တွစ်တာပေါ်မှာ ဖော်ပြခဲ့ပါတယ်။ နယူးယောက်မြို့တော် ပြောရေးဆိုခွင့်ရသူတဦးဖြစ်တဲ့ ဘီလ်ဒီဘလာစီယိုကတော့ လေယာဉ်ပေါ်ပါ ခရီးသည်တွေဟာ ရာသီတုပ်ကွေးမိခဲ့တာလို့ ပြောပါတယ်။ လေယာဉ်ပေါ်ပါ ခရီးသည်တဦးဖြစ်တဲ့ လာရီကိုဘင်က တခြားခရီးသည်တွေကိုလည်း ရောဂါရှိမရှိ စစ်ဆေးပြီးမှ လေယာဉ်ပေါ်ကနေ ဆင်းခွင့်ပြုတဲ့ ပုံတွေကို တွစ်တာပေါ်မှာ မျှဝေခဲ့ပါတယ်။
3 years Ago
Up