အမ်အက်စ်အက်ဖ်ဆေးရုံ

A d v e r t i s e m e n t With Us

April 29, 2016

ဆီးရီးယား အမ်အက်စ်အက်ဖ်ဆေးရုံ ဗုံးကြဲခံရ၊ ၂၇ ဦး သေဆုံး

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့မှာ နယ်စည်းမထား ဆရာဝန်များအဖွဲ့(အမ်အက်စ်အက်ဖ်)က ထောက်ပံ့ထားတဲ့ ဆေးရုံတရုံ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခံခဲ့ရပါတယ်။ ကလေး ၃ ဦးအပါအ၀င်၊ လူနာ၂၄ ယောက်နဲ့ ဆရာဝန် ၃ ဦး အားလုံး စုစုပေါင်း ၂၇ ယောက် သေဆုံးသွားတယ်လို့ နယ်စည်းမထား ဆရာဝန်များအဖွဲ့(အမ်အက်စ်အက်ဖ်) က ပြောဆိုပါတယ်။ သေဆုံးသွားတဲ့ ဆရာဝန်တဦးဟာ အလက်ပိုမြို့မှာ နောက်ဆုံးနောက်ချန် ကျန်ရစ်တဲ့ အထူးကုဆရာဝန်တွေထဲက တဦးဖြစ်တယ်လို့ အမ်အက်စ်အက်ဖ်ကပြောဆိုပါတယ်။ ဆီးရီးယားလေတပ် ဒါမှမဟုတ် ရုရှားတိုက်လေယာဉ်တွေရဲ့ ဗုံးကြဲတိုက်ခိုက်မှုလို့ ဒေသခံသတင်းတွေက ဆိုပေမယ့် ဆီးရီးယားအစိုးရဘက်ကရော၊ ရုရှားအစိုးရဘက်ကပါ တရားဝင် ထုတ်ပြန်ရှင်းလင်းတာတော့ မရှိသေးပါဘူး။ ဆီးရီးယားစစ် အပစ်အခတ်ရပ်စဲထားတယ်လို့ဆိုပေမယ့် ပြီးခဲ့တဲ့ရက်တွေအတွင်း အစိုးရတပ်၊ သူပုန်တပ်တွေရဲ့ တိုက်ခိုက်မှုတွေ အရှိန်ပြန်မြင့်လာတာပါ။ ရုရှားလေတပ်ရဲ့ နောက်ခံပေးမှုနဲ့ ဆီးရီးယားအစိုးရတပ်တွေ အလက်ပိုမြို့ကို အကြီးအကျယ် ထိုးစစ်ဆင်နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ ဒီ အမ်အက်စ်အက်ဖ်ရဲ့ ထောက်ပံ့ဆေးရုံကို ဗုံးကြဲခံရတာပါ။ ပြီးခဲ့တဲ့လက ကုလသမဂ္ဂအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာလည်း ဒီတိုက်ခိုက်မှုအရှိန်တွေ ပြန်တက်လာတဲ့အတွက် ပျက်ပြားတော့မလိုတောင် ဖြစ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲတွေမှာ အမေရိကန်နဲ့ ရုရှားနိုင်ငံတွေက တိုက်ရိုက်ဝင်ထိန်းပေးဖို့ ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က အင်အားကြီး ၂ နိုင်ငံလုံးကို တောင်းဆိုထားပါတယ်။
5 years Ago

February 17, 2016

အမ်အက်စ်အက်ဖ် ဆေးရုံကို တိုက်ခိုက်မှု စစ်ရာဇ၀တ်မှုမြောက်ဟု စွပ်စွဲ (ရုပ်သံ)

ဆီးရီးယားနိုင်ငံမြောက်ပိုင်းက နယ်စည်းမခြား ဆရာဝန်များ (အမ်အက်စ်အက်ဖ်) ဆေးရုံတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဗုံးကြဲတိုက်ခိုက်မှုဟာ စစ်ရာဇ၀တ်မှုမြောက်တယ်လို့ ပြင်သစ်နဲ့ တူရကီနိုင်ငံက ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ စွပ်စွဲလိုက်ပါတယ်။ ဆီးရီးယားမြောက်ပိုင်း အစ်ဒလစ် (Idlib) မြို့အနားက အမ်အက်စ်အက်ဖ် ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေကို လေကြောင်းက ပစ်ခတ်မှုမှာ လူအယောက် ၅၀ အထိ သေဆုံးနိုင်တယ်လို့ ကုလသမဂ္ဂက ပြောဆိုထားပြီး ရုရှားလေတပ်က တိုက်ခိုက်တာလို့  တူရကီ နိုင်ငံခြားရေးဝန်ကြီးဌာနက စွပ်စွဲထားပါတယ်။ ရုရှားနိုင်ငံကတော့ အဲ့ဒီစွပ်စွဲမှုကို ငြင်းဆန်ထားပါတယ်။ ပြီးခဲ့တဲ့တပတ်က ဂျာမနီနိုင်ငံမှာ အမေရိကန်နဲ့ ရုရှားတို့ သဘောတူထားတဲ့ ဆီးရီးယားစစ် အပစ်အခတ်ရပ်စဲရေးဟာ လက်တွေ့မှာ သိပ်မဖြစ်နိုင်ဘူးလို့ ဆီးရီးယားသမ္မတ အာဆက်က ပြောဆိုပါတယ်။ သဘောတူညီမှုအရတော့ အခုတပတ်အတွင်း အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ဖို့ အင်အားကြီးနိုင်ငံ ၂ ခု သဘောတူထားကြပြီး တိုက်ပွဲတွေအတွင်း ပိတ်ဆို့ခံနေရတဲ့ အရပ်သားတွေကိုပါ လူသားချင်း အကူအညီတွေ ပေးသွားဖို့ ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ်က ဒမာစကတ်မြို့မှာ ဆွေးနွေးနေပါတယ်။
5 years Ago
Up