အမ်မရီ

July 23, 2019

ကစားသမားသစ် သုံးလေးဦးခန့် ဝယ်မည်ဟု အာဆင်နယ်နည်းပြ အသိပေး

ကစားသမားသစ် သုံးလေးဦးခန့် ဝယ်ယူသွားဖို့ရှိတယ်လို့ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီက အသင်းပရိသတ်တွေကို အသိပေးသွားပါတယ်။ ကစားသမားသစ် သုံးလေးဦးလောက် ခေါ်ယူသွားချင်ပြီး အဲဒီကစားသမားတွေ ရောက်လာမယ်ဆိုရင် အသင်းလူစာရင်းက တိုးတက်မှုတွေ ရှိလာနိုင်တယ်လို့ အမ်မရီက ဆိုပါတယ်။ ဒါ့အပြင် အသင်း နည်းစနစ်ဒါရိုက်တာသစ် အီဒူးဟာ အသင်းပိုင်ရှင် ခရွန်ကီမိသားစုနဲ့ နေ့တိုင်း အဆက်အသွယ်ရှိသလို မိမိနဲ့လည်း ဆက်သွယ်ပြီး ကစားသမားသစ်တွေ အများအပြားနဲ့ ချိတ်ဆက်နေတယ်လို့ အမ်မရီက ဆိုပါတယ်။ အာဆင်နယ်အသင်းဟာ ကွင်းလယ်ကစားသမား ရမ်ဆေး ထွက်ခွာသွားတာကြောင့် အစားထိုးနိုင်မယ့် ကစားသမားတဦး ခေါ်ယူဖို့ ချိတ်ဆက်နေပြီး ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား ဆီဘယ်လော့ကို အငှား စာချုပ်နဲ့ ခေါ်ယူဖို့ နီးစပ်နေပါတယ်။ ဒါ့အပြင် ဘရာဇီးလက်ရွေးစင် အဲဗာတန်နဲ့ ပြင်သစ်နောက်ခံလူ ဆာလီဘာတို့နဲ့လည်း ချိတ်ဆက်နေတယ်လို့ သိရပါတယ်။
2 years Ago

July 22, 2019

ကစားသမားသစ်များ ဆက်လက်ခေါ်ယူမည်ဟု အာဆင်နယ်နည်းပြ ပြော

နောက်ထပ် ကစားသမား ခေါ်ယူမှုတွေ ဆက်လက်ပြုလုပ်သွားဖို့ ရှိတယ်လို့ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီက ပြောပါတယ်။ ဖီအိုရင်တီးနားအသင်းကို သုံးဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောလိုက်တာပါ။ လက်ရှိအချိန်မှာ အာဆင်နယ်အသင်းဟာ ခရစ္စတယ်ပဲလေ့စ် တောင်ပံကစားသမား ဇာဟာကို လိုက်နေပြီး မကြာခင်ရက်ပိုင်းအတွင်းမှာလည်း ဗဟိုနောက်ခံလူတဦးဖြစ်တဲ့ ဝီလီယမ် ဆလီဘာကို အခုရာသီရဲ့ ဒုတိယမြောက် ကစားသမား ခေါ်ယူမှုအဖြစ် ကြေညာဖို့ ရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဒန်နီ ဆီဘယ်လော့လည်း အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ကစားသမားစာရင်းမှာ ပါဝင်နေပြီး သူ့ကိုတော့ အငှားနဲ့ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ အာဆင်နယ်အသင်းပိုင်ရှင် စတန်ခရွန်ကီဟာ ရီးရဲလ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်နဲ့ တွေ့ဆုံဖို့ရှိပြီး ဒီတွေ့ဆုံမှုမှာ ဆီဘယ်လော့ကို ခေါ်ယူရေးနဲ့ ပတ်သက်တဲ့ အဖြေတခု ထွက်ပေါ်လာနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။ ဒီအခြေအနေမှာ အမ်မရီက ကစားသမားအသစ်တွေကို မကြာခင် ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်ထားကြောင်း ပြောဆိုလိုက်တာပါ။ “ကျနော်တို့အသင်းကို အထောက်အကူ ဖြစ်စေနိုင်တဲ့ ကစားသမားကောင်းတချို့ကို ခေါ်ယူနိုင်လိမ့်မယ်လို့ ကျနော် ယုံကြည်နေပါတယ်။ ကျနော်တို့ ဒီကိစ္စအတွက် အကောင်းဆုံး ဆောင်ရွက်နေပြီး ဒီကစားသမားတွေအတွက်လည်း ပျော်ရွှင်မိပါတယ်” လို့ အမ်မရီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အာဆင်နယ် အသင်းခေါင်းဆောင် နောက်ခံလူ ကိုစီယယ်နီဟာ အသင်းကနေ ထွက်ခွာဖို့ ရှိနေပြီး အားထားရတဲ့ နောက်ခံလူတဦးကို ဆုံးရှုံးရမှာဖြစ်ပေမယ့် အမ်မရီကတော့ စိုးရိမ်ပုံမရပါဘူး။ လာမယ့်ရာသီမှာလည်း နောက်ခံလူ လေးယောက် အသုံးပြုတဲ့ နည်းစနစ်ကို ဆက်လက်ကျင့်သုံးသွားမယ်လို့လည်း သူက ပြောခဲ့ပါတယ်။ အမေရိကားမှာ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ အာဆင်နယ်အသင်းက ဖီအိုရင်တီးနားအသင်းကို သုံးဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး အနိုင်ဂိုးတွေကို လူငယ်ကစားသမား အက်ဒီ အန်ကီတာနဲ့ ဂျိုးဝီလော့ခ်တို့က သွင်းယူပေးခဲ့ကြပါတယ်။ ဒီပွဲစဉ်မှာ ခြေစွမ်းပြပြီး နှစ်ဂိုးသွင်းယူပေးခဲ့တဲ့ အန်ကီတာကို လာမယ့်ရာသီ အသင်းကြီးမှာ အသုံးပြုဖို့ ပရိသတ်တွေက တောင်းဆိုနေကြပါတယ်။
2 years Ago
More News
Up