အမ်စတာဒမ်လေဆိပ်တွင်

December 16, 2017

အမ်စတာဒမ်လေဆိပ်တွင် ဓားကိုင်သောင်းကျန်းသူကို သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီး

နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့၊ ရှီဖိုးလ်လေဆိပ်တွင်းမှာ ဓားကိုင်သောင်းကျန်းသူ အမျိုးသားတဦးကို သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ ဒတ်ခ်ျရဲတွေရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဘီဘီစီသတင်းမှာ ဒီကနေ့ဖော်ပြပါတယ်။ ရှီဖိုးလ်လေဆိပ်ဟာ ဥရောပရဲ့ လူအစည်ကားဆုံး လေဆိပ်တခုဖြစ်ပြီး ဒီဖြစ်ရပ် ကြောင့် လေဆိပ်တွင်းနေရာတချို့ကို သက်ဆိုင်ရာက ဘေးကင်းရာကို ရွှေ့ပြောင်းထား ခဲ့ကြရတာပါ။ “ဒီမနက်မှာပဲ လူတယောက်က လေဆိပ်တွင်းမှ စစ်ရဲရုံးထဲကိုဝင်လာပြီး ကျနော်တို့ရဲ့ ၀န်ထမ်းတယောက်ကို ဓားကိုင်ခြိမ်းခြောက်ခဲ့တယ်။ သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီး မှုကြောင့် သူ့ရဲ့ ခြေထောက်ကို ထိသွားခဲ့ပါတယ်။ ခုတော့ အမ်စတာဒမ်ဆေးရုံကို ပို့ထားတယ်”လို့ ရဲဌာနပြောရေးဆိုခွင့်ရှိသူတဦးက ဆိုပါတယ်။ လက်ရှိမှာတော့ အခြေအနေက ထိန်းသိမ်းထားနိုင်ပြီဖြစ်ကာ လေဆိပ်ဟာ ဘေးကင်းလုံခြုံတယ်လို့ ပြောပါတယ်။ ရဲဌာနပြောရေးဆိုခွင့်ရှိသူတဦးကတော့ ဒီတိုက်ခိုက်မှုဟာ အကြမ်းဖက်လိုတဲ့ ရည်ရွယ်ချက်ရှိခဲ့ပုံမပေါ်ဘူးလို့ အေဒီသတင်းစာကို ပြောလိုက်တာပါ။ နိုင်ငံကူးလက်မှတ် ထိန်းချုပ်ရေးဌာနအနီးမှာတော့ ရှီဖိုးလ်ပလာဇာရှိပြီး ဒီဖြစ်ရပ်ကြောင့် လူတွေကို ဘေးကင်းလုံခြုံတဲ့ နေရာတွေဆီ ယာယီရွှေ့ပြောင်းပေးခဲ့ရတာပါ။ ဒါပေမယ့် လေကြောင်းခရီးစဉ်တွေ ရွှေ့ပြောင်းရတာမျိုးတွေတော့ မဖြစ်ခဲ့ပဲ ပုံမှန် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရှီဖိုးလ်လေဆိပ်ဟာ ဥရောပရဲ့ အစည်ကားဆုံး လေဆိပ် ၅ ခုစာရင်းဝင်ဖြစ်ပြီး ပြီး ခဲ့တဲ့ နှစ်မှာ ခရီးသည်သန်း ၆၀ ကျော်ဝင်ထွက်သွားလာခဲ့ပါတယ်။ ဓာတ်ပုံ- EPA
3 years Ago
Up