အမေရိကန် CIA

June 23, 2020

အမေရိကန် CIA အွန်လိုင်းက လူသစ် စုဆောင်း 

အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ CIA က စုဆောင်းထားတဲ့ လူသစ်တွေကို အွန်လိုင်းကနေ တန်းခွဲသင်ကြားနည်းစနစ်နဲ့ သင်တန်းပေးနေပုံကို ဖြန့်ချိလိုက်ပါတယ်။ နိုင်ငံခြား ထောက်လှမ်းရေးသူလျှိုရဲ့ အစိတ်အပိုင်းအသစ်တခုနဲ့တင် အရာအားလုံး ချက်ချင်း ပြောင်းလဲသွားနိုင်တယ်လို့ CIA အရာရှိတယောက်က စာသင်ခန်းထဲမှာ ပြောနေပုံကို CIA က လူသစ်စုဆောင်းဖို့ ကြော်ငြာအသစ်အဖြစ် ဖြန့်ချိထားပြီး ရိုက်တာသတင်းဌာနက ဇွန် ၂၃ ရက်မှာ ထုတ်လွှင့်ခဲ့တာပါ။ “CIA မှာ အလုပ်စဝင်လိုက်တာနဲ့ ခင်ဗျား မျှော်မှန်းထားနိုင်သမျှထက်ပိုပြီး ခင်ဗျား တိုင်းပြည်အတွက် ပိုလုပ်နိုင်လိမ့်မယ်”လို့ အရာရှိက ကောက်ချက်ချ ပြောဆိုထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးအတွင်း လူချင်းခွာနေဖို့ သတ်မှတ်ချက်တွေ လိုအပ်တာကြောင့် အွန်လိုင်းကနေ လူသစ်တွေ လှုံ့ဆော်စည်းရုံးဖို့ အကြံရခဲ့တာလို့ CIA ပြောခွင့်ရက ပြောပါတယ်။ အရင်ကတော့ CIA ဟာ အစဉ်အလာအနေနဲ့ အလုပ်အကိုင် ရှာဖွေရေး ပြပွဲတွေလို သမားရိုးကျ နည်းလမ်းတွေကနေတဆင့် ကောလိပ်ကျောင်းသားတွေကို ပစ်မှတ်ထားပြီး အနာဂတ် သူလျှိုလောင်းတွေကို ရှာခဲ့တယ်လို့ သူက ပြောပါတယ်။ CIA ဟာ စက္ကန့် ၉၀၊ စက္ကန့် ၆၀ နဲ့ ၁၅ စက္ကန့်စာ ရုပ်သံကြော်ငြာတွေကို တည်းဖြတ်ခဲ့ပြီး နိုင်ငံအနှံ့ ဖျော်ဖြေရေးအစီအစဉ်တွေ၊ သတင်းဌာနတွေနဲ့ ဘဝနေထိုင်မှုပုံစံ အွန်လိုင်းသင်တန်း ဌာနတွေကနေ ထုတ်လွှင့်ခဲ့တယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။ အမေရိကန် မိသားစု ၇၀ ရာခိုင်နှုန်းကျော်ဟာ ရုပ်သံအစီအစဉ် ဟူလူ၊ နက်ဖလစ်ခ်နဲ့ အမေဇုန် ပရိုင်းတို့ထဲက တခုထက်မနည်းကို ငွေပေးကြည့်လေ့ရှိတယ်လို့ လေ့ချ်မဲန်း သုတေသန အုပ်စုက ပြောပါတယ်။ “ထိပ်တန်းပါရမီရှင်ကို ရဖို့ ကျနော်တို့ဟာ သမားရိုးကျ လူသစ်စုဆောင်းတဲ့ နည်းလမ်းတွေကို အားကိုးလို့ မရနိုင်ဘူး” လို့ စီအိုင်အေ ပြောခွင့်ရက ပြောပါတယ်။ အသက် ၁၈ နှစ်ကနေ ၃၅ စ်ကြား ပရိသတ်ကို ပစ်မှတ်ထားပေမယ့် အလားအလာရှိတဲ့ လူသစ်အားလုံးကို ထည့်စဉ်းစားမယ်လို့လည်း သူက ပြောပါတယ်။ ဒီနှစ်ဟာ ဆယ်စုနှစ်တခုအတွင်း အကောင်းဆုံး လူသစ်စည်းရုံးနိုင်တဲ့နှစ် ဖြစ်ခဲ့တယ် စီအိုင်အေကို အမေရိကန် နိုင်ငံသားအားလုံးအတွက် ရွေးချယ်စရာ အလုပ်ရှင်ကောင်း ဖြစ်အောင် လုပ်ချင်တယ်လို့ စီအိုင်အေ ညွှန်မှူးက အူဘန်တက္ကသိုလ်မှာ ပြောတဲ့ မိန့်ခွန်းအတွင်း မနှစ်က ပြောပါတယ်။ ဗြိတိန်သူလျှိုအဖွဲ့ MI5 နဲ့ MI6 တို့ အပါအဝင် စီအိုင်အေရဲ့ နာမည်ကြီး မိတ်ဖက် အများစုထဲက တချို့ဟာ အရင်က လူမှုရေး အဆက်အသွယ်တွေကနေတဆင့် လူသစ်စုဆောင်းတဲ့ သမိုင်းကြောင်း ရှိပေမယ့်  လတ်တလောမှာတော့ အွန်လိုင်းကနေ လူသစ်စုဆောင်းတဲ့ ပုံစံဘက်ကို ပြောင်းခဲ့ကြပါတယ်။
11 months Ago
Up