အမေရိကန် သံအမတ်ဟောင်း ဒဲရက် မစ်ချယ်

April 17, 2021

တဖြေးဖြေးနီးကပ်လာတဲ့ မြန်မာနိုင်ငံရဲ့ ဘေးအန္တရာယ် (ဆောင်းပါး)

အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်ရင် ကျဆုံးနိုင်ငံတခု ဖြစ်ပေါ်လာလိမ့်မယ်

ဖေဖေါ်ဝါရီ ၁ ရက်နေ့ကစပြီး နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီး စစ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်းလူတွေရာနဲ့ချီပြီး သေခဲ့ရပါပြီ။ တနိုင်ငံလုံးမှာ ကလေးငယ်တွေအပါအဝင် လက်နက်မဲ့အရပ်သားတွေ ၈၀၀ နီးပါးကို သတ်ဖြတ်ခဲ့ပြီးပါပြီ။ အကြမ်းဖက်ဖြိုခွင်းနေတဲ့ ထိတ်လန့် ခြောက်ခြားစရာပုံရိပ်တွေလည်း နိုင်ငံတကာမီဒီယာတွေမှာ ပျံ့နှံ့ခဲ့ပြီးတော့ မြန်မာနိုင်ငံရဲ့ တောက်ပခဲ့တဲ့အနာဂတ်တွေ မှောင်မဲ အုံ့ဆိုင်းလာနေတာကို တကမ္ဘာလုံးက မြင်တွေ့နေကြရပါတယ်။

မြန်မာ့ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် ဘယ်အစိုးရကမှ မြန်မာနိုင်ငံရေး အကြပ်အတည်း ဆိုးရွားလာမှာကို  လိုလားမှာမဟုတ်ပါဘူး။ နိုင်ငံခြားရေးအပါအဝင် ပြင်ပက လေ့လာသုံးသပ်သူတွေအကြားမှာတော့ ဒီပြဿနာကို သိပ်စိတ်ဝင်စားပုံမရတာတွေ ကံစီမံရာပဲလို့ သဘောထားကြတာတွေ ရှိနေပါတယ်။

လူသားချင်းစာနာမှုနည်းပါးတာတွေ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူထုအုံကြွမှုကြီးကို ဘာသိဘာသာ သဘောထားတာတွေ အဖွဲ့ဝင်နိုင်ငံတခုရဲ့ အခြေအနေကို အာဆီယံအဖွဲ့ရဲ့ ဩဇာသက်ရောက်မှု အလားအလာကို လျှော့တွက်ထားတာတွေ အင်အားကြီးနိုင်ငံတွေရဲ့ အားပြိုင်မှုကြောင့် မြန်မာနိုင်ငံအပေါ် ညှိနှိုင်းဆောင်ရွက်နိုင်ခြေမရှိလောက်ဘူးလို့ဆိုတဲ့ မှန်းဆချက်တွေ ရှိနေကြပါတယ်။

ကျင့်ဝတ်အရ ဒွိဟဖြစ်စရာတွေထက်ပိုတာကတော့ မြန်မာနိုင်ငံတွင်းက အခြေအနေတွေကို ပကတိအတိုင်းနားမလည် ကြတာရယ် ဒေသတွင်းလုံခြုံရေးအတွက် ရေရှည်မျှော်ကြည့်မှုမရှိကြတာရယ် ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အခြေအနေဟာ ဒီမိုကရေစီအရ ဆိုးဆိုးရွားရွားနောက်ပြန်ဆုတ်သွားတာတင်မကပါဘူး အာရှရဲ့ အချက်အချာနေရာက ကျဆုံးနိုင်ငံတခုအသွင် တဖြေးဖြေးချင်းဖြစ်ပေါ်လာနေတာပါ။ စိတ်တိုင်းကျ မဖြစ်ရင်တောင် အလျင်အမြန်ဖြေရှင်းဖို့  တကယ်လိုအပ်နေတာပါ။ အင်အားကြီးနိုင်ငံတွေအနေနဲ့လည်း ပထဝီနိုင်ငံရေး အားပြိုင်မှုအရ ပုံမှန်စဉ်းစားချက်တွေကို ဖယ်ထားရပါမယ်။

မြန်မာပြည်သူလူထု တောင်းဆိုနေကြတဲ့ ဒီမိုကရေစီလမ်းကြောင်းဆီ ပြန်လှည့်နိုင်ဖို့ရယ် ပစ်ခတ်သတ်ဖြတ်နေတာတွေရပ်ဆိုင်းဖို့အတွက် စစ်အစိုးရကို ဖျောင်းဖြဖို့ ဖိအားပေးဖို့ နိုင်ငံတကာ ညှိနှိုင်းဆောင်ရွက်နိုင်မယ့် မူဝါဒတခုဖြစ်ထွန်းလာရေးမှာ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့က ဦးဆောင်သင့်ပါတယ်။   

နောက်ထပ် ဆီးရီးယား အခြေအနေလား

မြန်မာပြည်ဟာ စစ်အာဏာရှင်စနစ်ကြောင့် ရာစုနှစ်တဝက်လောက်အတွင်းမှာ ယိုယွင်းကျဆင်းခဲ့ပြီးပါပြီ။ စစ်အာဏာသိမ်းသံသရာကို ၁၉၆၂ ခုနှစ်မှာစတင်တယ်။ ၁၉၈၈ ခုနှစ်မှာတခါ နောက်မျိုးဆက်က တကျော့ပြန် စစ်အာဏာသိမ်းပြန်တယ်။ ရလဒ်ကတော့ ရက်စက်တဲ့ ဖိနှိပ်မူတွေ စီးပွားရေးကျဆင်းတာတွေ ပြည်တွင်း အကွဲအပြဲတွေ နိုင်ငံသားတွေ အစုလိုက်အပြုံလိုက် ပြည်ပထွက်ခွာကြရတာတွေပါပဲ။

အခုတခါ စစ်အာဏာသိမ်းမှုကတော့ အရင်အာဏာသိမ်းမှုတွေထက် အခြေအနေ ပိုဆိုးရွားနိုင်ပါတယ်။ ဖေဖေါ်ဝါရီလဆန်းကစလို့ ပြည်သူလူထုရဲ့ ပြင်းထန်တဲ့ CDM လှုပ်ရှားမှုကြီးကြောင့် မြန်မာ့စီးပွားရေးနဲ့ အစိုးရယန္တရားတွေ ပြည်သူ့ဝန်ဆောင်မှုတွေ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းအတော်များများကို ရပ်ဆိုင်းသွားစေပါတယ်။ ဖြစ််လာမယ့် ကြမ္မာကို ငြိမ်ခံသွားမှာမဟုတ်ကြောင်း ဖေါ်ပြကြတဲ့ မြန်မာနိုင်ငံသားတွေဟာ အသက်တွေ ဘဝတွေ အကုန်ပေးဆပ်ပြီး နေ့တိုင်း ဆန္ဒပြ ချီတက်နေကြပါတယ်။

ဒီတခါ စစ်အာဏာသိမ်းမှု သူတို့အနာဂတ် ဘာဖြစ်လာမလဲဆိုတာ ဆိုးဆိုးရွားရွားအတွေ့အကြုံတွေကတဆင့် သိရှိနေကြပါတယ်။ နိုင်ငံရေးမှာ စစ်တပ်ပဓာန စနစ်တခုဆီပြန်မသွားဖို့ အပြင်းအထန် ဆန့်ကျင်နေကြပါတယ်။ စစ်တပ်က ဖိနှိပ်အကြမ်းဖက်လေလေ နေ့စဉ်နဲ့အမျှ တော်လှန်ရေးလှုပ်ရှားမူက ပိုမိုအုံကြွလာလေလေပါပဲ။ 

ဆန္ဒပြသူအများစုက လူငယ်တွေပါ။ သူတို့ဟာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က ဒီမိုကရေစီအပြောင်းအလဲမှာ လွတ်လပ်မှုရဲ့ အရသာကို ဆယ်နှစ်ကြာလောက် ခံစားထိတွေ့ခဲ့ကြရတယ်။ သူတို့ရဲ့ အရင်မျိုးဆက်တုန်းက အားကျခဲ့ရတာတွေကို သူတို့လက်ထက်မှာ မျှော်လင့်ချက်ထားလာကြတယ်။ ရက်ရက်စက်စက်ဖိနှိပ်ဖြိုခွဲနေတဲ့ စစ်အစိုးရကို သူတို့ဟာ နည်းမျိုးစုံနဲ့ ဆက်လက်ဆန့်ကျင်နေကြလိမ့်မယ်။ ဥပမာ တပ်မတော်ကို ပြန်တော်လှန်ဖို့ ဖယ်ဒရယ်စစ်တပ်ဖြစ်ပေါ်လာဖို့ တိတ်တဆိတ် စစ်သင်တန်းတက်နေကြတာမျိုးပေါ့။ လက်နက်အပြည့်အစုံနဲ့ စစ်တပ်ကြီးကို ဖြိုချနိုင်ဖို့ အခွင့်အရေး နည်းပါးလှပေမယ့် သူတို့ရဲ့ တနိုင်ငံလုံး အုံကြွတော်လှန်ရေးဟာ အကန့်အသတ်မရှိကြာရှည်ပါလိမ့်မယ်။

တပ်မတော်ဘက်ကလည်း နောက်ဆုတ်မယ့် လက္ခဏာမပြပါဘူး။ မြန်မာ့လူ့ဘောင်ထဲမှာ စစ်တပ်ဟာ သာလွန်ကြီးမြတ်တဲ့ အဖွဲ့အစည်းတခုအနေနဲ့ ယုံကြည်နေအောင် တပ်မတော်သားတွေကို ရိုက်သွင်းထားပါတယ်။ တပ်ကိုဘယ်လိုမှ ဖြိုခွဲမရနိုင်တဲ့ပုံပေါ်စေပါတယ်။ တခြားနိုင်ငံတွေက အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ ခွဲထွက်လာတဲ့စစ်တပ်ရဲ့ ထောက်ခံမှုကြောင့် အောင်မြင်တာတွေရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံစစ်တပ်ရဲ့ စစ်စည်းကမ်းအစဉ်အလာကြောင့် စစ်တပ်ထိပ်ပိုင်းမှာ ခွဲထွက်လာနိုင်ခြေက နည်းပါးပါတယ်။ ကျယ်ပြန့်လာတဲ့ အာဏာဖီဆန်မှုကိုရင်ဆိုင်ဖို့ စစ်တပ်ဟာ သူနားလည်ထားတဲ့ အကြမ်းဖက်ဖြိုခွင်းရေး ဗျူဟာကိုပဲကျင့်သုံးမှာပါ။        

ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်အနေနဲ့ နယ်စပ်ဒေသတွေ တိုင်းရင်းသားဒေသတွေကို ဆယ်စုနှစ်ပေါင်းများစွာ အပြင်းအထန် ဖြိုခွဲဖျက်ဆီးနှိမ်နင်းခဲ့ပါတယ်။ သတ်ဖြတ်နှိမ်နင်းမှုတွေရဲ့ အကျိုးဆက်ကတော့ စီးပွားရေး လူမူရေး ပြဿနာတွေ နက်ရှိုင်းလာတဲ့ ပြည်တွင်းပဋိပက္ခတွေ ပြည်သူလူထုထိခိုက်ခံစားခဲ့ရတာတွေ ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ထွက်ပြေးတိမ်းရှောင်ရတာတွေပါပဲ။  အခုလောလောဆယ် ဖြစ်နေတဲ့ ပြဿနာမီးကတော့ အရင်ထက်ပိုဆိုးတဲ့ ပျက်စီးဆုံးရှုံးမှုဆီကို ရှေးရူနေပါတယ်။

စစ်တပ်ဟာ အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်မှုတွေ ဆက်လုပ်ပါလိမ့်မယ်။ ဘဏ်လုပ်ငန်း ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် အစိုးရယန္တရား အခြေခံဝန်ဆောင်မှုတွေ ပြိုကျပျက်စီးပါလိမ့်မယ်။ ကိုဗစ်-၁၉ ရောဂါပိုးကြောင့် ထိခိုက်ခဲ့ရတဲ့ မြန်မာ့စီးပွားရေးဟာ ပြိုကျပျက်စီးပါလိမ့်မယ်။ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေအတွက် ဂုဏ်သိက္ခာလည်းကျဆင်း စီးပွားရေးလည်းထိခိုက်မယ်၊ နောက်ဆုံး ပြန်လည်ထွက်ခွာရလိမ့်မယ်၊ မြန်မာကိုရှောင်ဖယ်ကြလိမ့်မယ်။

အစုအပြုံလိုက်ထွက်လာမယ့် ရွှေ့ပြောင်းလုပ်သားတွေ ဒုက္ခသည်တွေကို လက်ခံပေးဖို့ မြန်မာ့အိမ်နီးချင်း တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတွေလည်း ဖိအားပေးခံရမယ်။ မြန်မာနိုင်ငံနဲ့ ထိဆက်နေသမျှ နယ်စပ်တလျှောက်မှာ  တရားဥပဒေ မစိုးမိုးတာတွေ အကြမ်းဖက်မှုတွေနဲ့ အသည်းအသန်ပြဿနာတွေကို မှန်းဆထားရတော့မယ်။ ဒေသတွင်းတခုလုံး တည်ငြိမ်မှုပျက်ပြားမယ်။ မြန်မာစစ်အာဏာရှင်ကို ထိန်းညှိဖို့ သိပ်အာရုံမစိုက်သေးတဲ့ အာဆီယံအဖွဲ့ကြီးရဲ့ ဂုဏ်သိက္ခာလည်း ကျဆင်းထိခိုက်လာနိုင်ပါတယ်။  

မြန်မာစစ်အာဏာသိမ်းမှုရဲ့ အလားအလာဟာ ၂၀၁၄ ထိုင်းစစ်တပ်အာဏာသိမ်းအစိုးရလိုမျိုး ဟွန်ဆန်လက်အောက်က ကမ္ဘောဒီးယားနိုင်ငံလိုမျိုး အလားအလာထက်စာရင် အလုံးစုံပျက်စီးပြီး အုပ်ချုပ်သူလူနည်းစုနဲ့ ပြည်သူလူထုအားလုံးကြားမှာ ဘယ်လိုမှ ရင်ကြားစေ့မရနိုင်တော့တဲ့ ဆီးရီးယားလို နိုင်ငံတခုဖြစ်လာဖို့များနေပါတယ်။

ဆီးရီးယားသမ္မတ ဘာရှာအီလ်အာဆတ်နဲ့ သူ့မဟာမိတ်တွေအခြေအနေလိုပဲ တပ်မတော်ခေါင်းဆောင်တွေအနေနဲ့ သူတို့လွတ်မြောက်လုံခြုံရေးအတွက် တစ်နိုင်ငံလုံး ပြိုကွဲပျက်စီးသွားမယ်ဆိုရင်တောင် ဒီအခြေအနေကနေ လမ်းကြောင်းပြောင်းရဖို့ သိပ်ခက်ခဲလွန်းသွားပြီဆိုတာ သူတို့သဘောပေါက်ပါလိမ့်မယ်။

သည်းခံစောင့်ကြည့် မိုက်မဲမှု

ခုလိုအခြေအနေမှာ သည်းခံကြဖို့ တောင်းဆိုနေတာတွေက လက်တွေ့မဆန်တော့ဘဲ နည်းဗျူဟာအရ ကျင့်ဝတ်အရ အမြင်ကင်းမဲ့တာပဲ ဖြစ်ပါလိမ့်မယ်။ အိမ်နီးချင်းနိုင်ငံတနိုင်ငံ ပြိုလဲပျက်စီးပြီး ဒေသတွင်းတခုလုံး မတည်ငြိမ်နိုင်တော့မယ့်အချိန်မှာ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေမှာ သည်းခံစောင့်ဆိုင်းနေဖို့ အခြေအနေ မပေးတော့ဘူး။ သိပ်ဆိုးရွားမလာခင် ထိန်းသိမ်းနိုင်မယ့် စိတ်ဆန္ဒပဲ လိုအပ်တော့မယ်။

အစဉ်အလာ အကျိုးစီးပွားတွေကို ပြန်သုံးသပ်ဖို့ လိုအပ်လာတော့မယ်။ သက်သောင့်သက်သာမူဝါဒ အကန့်အသတ်ကို ကျော်လွန်ရတော့မယ်။ အသုံးမကျတဲ့ မစွက်ဖက်ရေး ဆေးမြီးတိုတွေကို ပစ်ချခဲ့ရတော့မယ်။ အင်အားကြီးနိုင်ငံတွေဟာလည်း မဟာဗျူဟာပြိုင်ဆိုင်မှု အခြေခံတဲ့ မြန်မာနိုင်ငံဆိုင်ရာမူဝါဒ စဉ်းစားချက်တွေကို ပြန်ညှိနှိုင်းပြီး ဒေသတွင်းနိုင်ငံတွေ အကျိုးအတွက် အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေရှာရပါလိ့မ်မယ်။

အာဆီယံအဖွဲ့ကြီးဟာလည်း မြန်မာ့အရေးမှာ ဦးဆောင်ရပါလိမ့်မယ်။ လက်ရှိအကြပ်အတည်းကို အဖြေရှာဖို့ ဆွေးနွေးဆက်ဆံတာကလွဲရင် စစ်အာဏာသိမ်းအဖွဲ့ကို အစိုးရလိုအသိအမှတ်မပြုဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် မြန်မာတပ်မတော်ကို ရှင်းလင်း အင်အားရှိစွာ အချက်ပေးနိုင်မယ့် တညီတညွတ်တပ်ဦးတခုကို ပုံဖေါ်နိုင်ဖို့အတွက်  ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား အမေရိကန်နဲ့ တခြားနိုင်ငံတွေပါဝင်နိုင်မယ့် ကျယ်ပြန့်တဲ့ ဆွေးနွေးမှုတွေကို ကမကထလုပ်ရပါမယ်။ တပ်မတော်ရဲ့ အကြမ်းဖက်မှုတွေရပ်စေဖို့ ဘဏ်တွေ၊ ကျောင်းတွေ၊ ဆေးရုံတွေနဲ့ တခြား အထောက်အပံ့တွေကို တပ်မတော်နဲ့ အဆက်ဖြတ်နိုင်ဖို့ ရွေးကောက်တင်မြှောက်ခံ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးရေးကို တပ်က လက်ခံလာနိုင်ဖို့ ခြိမ်းခြောက်နိုင်ရပါမယ်။

အဲဒါတွေ ဖြစ်မလာနိုင်သေးခင်မှာ အင်အားကြီးနိင်ငံတွေအနေနဲ့ စစ်တပ်အတွက် ဝင်ငွေစီးဆင်းမှုကို ဖြတ်တောက်နိုင်မယ့် တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားအရေးယူပိတ်ဆို့ဖို့ အဓိကစဉ်းစားသင့်ပါတယ်။ မြန်မာနိုင်ငံကို လက်နက်ရောင်းဝယ်မှုကို ပိတ်ဆို့သင့်ပါတယ်။ ပိုအရေးကြီးတာကတော့ မြန်မာပြည်သူတွေကို ခိုင်ခိုင်မာမာ ထောက်ခံအားပေးသင့်ပါတယ်။ မြန်မာစစ်တပ်ဟာ ရွေးချယ်တင်မြှောက်ခံ လူထုကိုယ်စားလှယ်တွေကို ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ ပိတ်ဆို့တားဆီးခဲ့တယ်၊ မြန်မာပြည်သူလူထုရဲ့ တရားဝင် ကိုယ်စားလှယ်အစစ်အမှန်တွေဟာ ပြည်သူ့အစိုးရတရပ်ကို ဖွဲ့စည်းခဲ့ကြတဲ့နောက် အမေရိကန်နဲ့ အင်ဒို ပစိဖိတ်ဒေသတွင်းနိုင်ငံတွေက အသိအမှတ်ပြု လက်ခံကြရပါမယ်။

အမေရိကန်အစိုးရအနေနဲ့လည်း သူ့ချည်းသက်သက်ဆိုရင် မြန်မာစစ်အစိုးရအပေါ် တွန်းအားပေးနိုင်ဖို့ အကန့်အသတ်တွေရှိနေပါတယ်။ ဒါပေမဲ့ ဘိုင်ဒင်အစိုးရဟာ တပ်မတော်အပေါ် ပစ်မှတ်ထားအရေးယူတာတွေ ဖိနှိပ်ခံ နိုင်ငံရေး လူမှုရေးအင်အားစုတွေကို ထောက်ခံအားပေးရပါမယ်၊ လက်ရှိမဟာမိတ်တွေအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက လိုက်ပါလာနိုင်အောင် စုစည်းပြီး ဉီးဆောင်မှုပေးရပါမယ်။ အင်ဒို ပစိဖိတ်ဒေသတွင်းနိုင်ငံတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ အမေရိကန် အထူးကိုယ်စားလှယ်တစ်ယောက်ခန့်အပ်ပြီး မြန်မာနိုင်ငံပြဿနာရဲ့ အရေးပါမှုနဲ့ အလျင်လိုနေတဲ့အခြေအနေကို ပေါ်လွင်ထင်ရှားစေသင့်ပါတယ်။ ထူးခြားလေးနက်တဲ့ ဒီတာဝန်အတွက် အထူးသံတမန်တယောက် တာဝန်ပေးခန့်အပ် နိုင်ရင်ရရှိမယ့် လက်တွေ့သက်ရောက်မှုဟာ တခြားအစားထိုးနှိုင်းယှဉ်စရာမရှိနိုင်ပါဘူး။

အာဆီယံအဖွဲ့ကြီးဟာလည်း အစဉ်အလာ အကန့်အသတ်တွေကိုကျော်လွန်ပြီး မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်လေမလားဆိုတဲ့ မျှော်လင့်ချက်ဟာလည်း လက်တွေ့ဆန်ချင်မှဆန်ပါမယ်။ အာဆီယံ တစ်စုံလုံးအနေနဲ့ အရေးယူ မဆောင်ရွက်နိုင်ခဲ့ရင်လည်း တနိုင်ငံခြင်းအလိုက် ဆောင်ရွက်သင့်ပါတယ်။ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနိုင်ငံနဲ့ လက်ရှိ ဥက္ကဋ္ဌ ဘရူနိုင်း နိုင်ငံတွေဟာ မြန်မာနိုင်ငံက အဖြစ်အပျက်တွေကို စိုးရိမ်ကြောင်း ထုတ်ဖေါ် ပြောဆိုခဲ့ကြပါတယ်။ အဲဒီနိုင်ငံအစိုးရတွေဟာ မြန်မာအရေးမှာ လူသိထင်ရှား ထုတ်ဖေါ်ပြောဆိုဖို့ ဝန်လေးနိုင်ပေမယ့် အရေးယူ ဆောင်ရွက်မူတွေကတော့ ထူးခြားလာနိုင်ပါတယ်။ 

မြန်မာနိုင်ငံတော်သစ်

မြန်မာနိုင်ငံအရေးကို ဝင်မစွက်ဖို့ သည်းခံဖို့ပြောနေတဲ့နိုင်ငံတွေအမြင်မှာ မြန်မာနိုင်ငံအခြေအနေက နောက်ပြန်လှည့်ဖို့ မလွယ်တော့ဘူး၊ အပျက်အစီးကြီးမားနေပြီ၊ တပ်နဲ့ပြည်သူကြား ရင်ကြားစေ့စရာ နည်းလမ်းမရှိနိုင်တော့ဘူးလို့ စောဒက တက်စရာရှိနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ မျှော်လင့်ချက်တွေအပြည်နဲ့ မြန်မာနိုင်ငံတော်အသစ်အတွက် အခြေခံကောင်းတွေရှိလာတယ်ဆိုတာ ပြည်သူလူထုက စစ်အာဏာသိမ်းမှုကို  တခဲနက်ဆန့်ကျင်ရင်း ပြသခဲ့ကြပါပြီ။

စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမူတွေကြောင့်ပဲ တိုင်းရင်းသားလူနည်းစုတွေအပေါ်မှာ နှစ်ပေါင်းများစွာ စစ်တပ်ဟာ တရားမဲ့ အကြမ်းဖက်ခဲ့တာတွေ အကြောင်း ဗမာတိုင်းရင်းသားတွေ သိနားလည်လာစေခဲ့ပါတယ်။ တိုင်းရင်းသားပေါင်းစုံကြား ဖြစ်ထွန်းလာတဲ့ စည်းလုံးမှုဟာ အရှည်တည်တန့်မယ့် ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးတွေအတွက်နဲ့ မြန်မာနိုင်ငံရဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့ အခြေခံကောင်းတွေ ဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ဒီအခြေအနေ အခွင့်အခါကောင်းကို အမိအရဆုပ်ကိုင်ပြီး စစ်တပ်ရဲ့ သဘောထားတင်းမာမှုကို လျှော့ချဖို့နဲ့ နိုင်ငံအနာဂတ်အတွက် တိုင်းရင်းသားပေါင်းစုံ ညှိနှိုင်းဆွေးနွေးနိုင်မယ့်အခြေအနေကို ဖန်တီးသင့်ပါတယ်။     

လက်ရှိမြန်မာပြည် အကြပ်အတည်းအတွက် ခပ်လွယ်လွယ် အဖြေထုတ်နိုင်မယ့် အနေအထားတော့မရှိပါဘူး။ စစ်တပ်နဲ့ NLD ကြားမှာ အာဏာမသိမ်းခင်ကရှိခဲ့ဖူးတဲ့ ခနော်ခနဲ့ ဆက်ဆံရေးကို ပြန်သွားနိုင်မယ့် အခြေအနေကလည်း ခုချိန်မှာတော့ မဖြစ်နိုင်သလောက်ပါပဲ။ သေချာတာကတော့ စစ်တပ်ဟာ မြန်မာနိုင်ငံမှာ အခြေခိုင်နေခဲ့တာကြောင့် အနာဂတ် နိုင်ငံရေးသဘောတူညီချက်တွေမှာလည်း စစ်တပ်ပါဝင်နေမှာပါပဲ။ 

ဒါပေမဲ့ စစ်တပ်က ဝါဒဖြန့်နေသလို စစ်တပ်ကြီးမရှိရင် မြန်မာနိုင်ငံ ပြိုကွဲပျက်စီးလိမ့်မယ်ဆိုတာကိုတော့ လက်မခံသင့်ပါဘူး။ တကယ်တမ်းမှာတော့ စစ်တပ်သာလျှင် ပြည်မကမြို့တွေမှာ ဒီကနေ့ ရက်စက်စွာနှိမ်နင်းနေတာမျိုး တိုင်းရင်းသားဒေသတွေမှာ ဆယ်စုနှစ်ပေါင်းများစွာဖိနှိပ်ခဲ့ပြီး ပြည်တွင်းအကွဲအပြဲတွေ ဖြစ်ပေါ်စေခဲ့တာပါ။

ပြီးခဲ့တဲ့ ၁၀ နှစ်ကျော်အတွင်း  အရပ်သားအစိုးရထိန်းချုပ်မှုကို  ကျော်လွန်နေတဲ့ ဖွဲ့စည်းပုံအခြေခံပါ အထူးအခွင့်အရေးတွေအရ လှုပ်ရှားမှုတွေကြောင့် အကဲဆတ်လှတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုတွေကို အတားအဆီးဖြစ်ခဲ့ရပါတယ်။ ငြိမ်းချမ်းရေး သဘောတူညီချက်တွေကိုလည်း စစ်တပ်ဘက်က  မလိုက်နာခဲ့ပါဘူး။ ဒီအတွက်ရလဒ်ကတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြားမှာ ပြန်လည်တင်းမာလာပြီး ပေါ်ပေါက်လာတဲ့ အရပ်သားအစိုးရအဖွဲ့နဲ့ မဟာမိတ်ဖြစ်လာစေပါတယ်။   

မြန်မာ့နိုင်ငံရေး အကြပ်အတည်းအတွက် ဘယ်လိုဖြေရှင်းမှုပဲဖြစ်ဖြစ် စစ်တပ်အနှောင့်အယှက်ကင်းကင်းနဲ့ အမျိုးသားလုံခြုံရေးကို အရပ်သားအစိုးရက စီမံအုပ်ချုပ်နိုင်ခွင့်ရှိဖို့ မြန်မာနိုင်ငံသားတွေ တောင်းဆိုနေကြတဲ့အပေါ် စစ်တပ်ဟာ အသိအမှတ်ပြုဖို့လိုအပ်ပါတယ်။

မြန်မာနိုင်ငံ ပြဿနာကို သူ့အတိုင်းထားလိုက်တာကတော့ အဖြေမဟုတ်ပါဘူး။ နိုင်ငံတကာအသိုင်းအဝိုင်းဟာ ဖြေရှင်းချင်စိတ်ကို ရှာဖွေရပါမယ်။ သင့်လျော်မယ့် အရင်းအမြစ်တွေ သုံးစွဲရပါမယ်။ လက်ရှိ အကြပ်အတည်းရဲ့ ထွက်ပေါက်ကို ကူညီရှာဖွေနိုင်ဖို့ သွေးချောင်းစီးနေတာတွေရပ်တန့်ဖို့ သင့်လျော်တဲ့ အရေးယူဆောင်ရွက်မူလိုပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်ကရှိခဲ့ဖူးတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ပြန်ရောက်နိုင်ဖို့ ရဲရင့်လှတဲ့ မြန်မာနိုင်ငံသားတွေဟာ အင်အားရှိသမျှအကုန်ထုတ်သုံးခဲ့ကြပါပြီ။ အင်အားကြီးနိုင်ငံတွေနဲ့ အစိုးရတွေအတွင်းအပြင်က ဩဇာရှိသူတွေအနေနဲ့လည်း ထူးခြားအံ့ဩဖွယ်ရာ မြန်မာနိုင်ငံသားတွေကို ထောက်ခံအားပေးဖို့ သူတို့နည်းတူ သတ္တိပြောင်မြောက်ရပါလိမ့်မယ်။  အဲဒီလိုမှ မဟုတ်ရင်တော့ ကမ္ဘာကြီး ကိုအရှက်ကွဲစေမယ့် လူသားဘဝတွေ ပျက်စီးဆုံးရှုံးမှုသာမကပါဘူး အရေးပါလှတဲ့ဒေသတွင်းမှာ ကျဆုံးနိုင်ငံတခု ဖြစ်ပေါ်လာတော့မှာပါပဲ။ 

ဆောင်းပါးရှင်- ဒဲရက် မစ်ချယ် - မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း

PHOTO CREDIT-MPA

ကိုးကား-(အမေရိကန်နိုင်ငံခြားရေးမူဝါဒနဲ့ ကမ္ဘာ့ရေးရာတွေကို အသားပေးဖော်ပြနေတဲ့ www.foreignaffairs.com မှာ ဧပြီ ၁၅ ရက်နေ့ကဖော်ပြထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း ဒဲရက် မစ်ချယ်ရဲ့ The Looming Catastrophe in Myanmar   ဆောင်းပါးကို ဘာသာပြန်သည်။)

8 months Ago
Up