အမေရိကန်ရေတပ်က ကမ္ဘာ့အသစ်ဆုံးနဲ့ အကြီးဆုံးလေယာဉ်တင်သင်္ဘောတစီးအနားမှာ ကပ်ပြီး စမ်းသပ် ဖောက်ခွဲနေတဲ့ ရုပ်သံကို ဖြန့်ချိလိုက်ပါတယ်။
တန်ချိန် ၁ သိန်း ရှိ USS ဂျေရတ်အာရ်ဖို့ဒ် လေယာဉ်တင်သင်္ဘောဟာ ဇွန် ၁၈ ရက်က အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်းကနေ ထွက်ခွာချိန်မှာ အကြီးစားပေါက်ကွဲခဲ့ပုံကို ရုပ်သံက ပြထားပါတယ်။
ဖလော်ရီဒါပြည်နယ် ကမ်းရိုးတန်းကနေ ၁၆၁ ကီလိုမီတာအကွာက ပေါက်ကွဲမှုအင်အားဟာ ငလျင် ရစ်ချတ်တာစကေး ၃.၉ အထိ ပြင်းအားရှိတယ်လို့ အမေရိကန် ဘူမိစစ်တမ်းဌာနက မှတ်တမ်းတင်ထားပါတယ်။
အမေရိကန် ရေတပ်က သူ့ စစ်သင်္ဘောတွေ တိုက်ပွဲအတွင်း ကြုံရနိုင်တဲ့ ပြင်းထန်ကြမ်းတမ်းတဲ့ အခြေအနေတွေအောက်မှာ စစ်ဆင်ရေး လိုအပ်ချက်ကို ဆက်ပြီး ပြည့်မီအောင် လုပ်နိုင်လား ဆိုတာ စမ်းသပ်ဖို့ ဖောက်ခွဲရေးပစ္စည်းတွေကို သုံးပြီး လေ့ကျင့်နေတယ်လို့ ရေတပ်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။