အမေရိကန် မဟာမိတ်

October 7, 2020

အာရှဒေသရှိ အမေရိကန် မဟာမိတ်များထံမှ ထောက်ခံမှုရရန် ပွန်ပေအို ကြိုးပမ်း

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေအိုဟာ အာရှဒေသက အမေရိကန်အစိုးရရဲ့ အနီးကပ်ဆုံး မဟာမိတ်တွေဆီက ထောက်ခံမှုကို တောင်းဆိုရင်း ဂျပန်၊ အိန္ဒိယနဲ့ သြစတြေးလျနိုင်ငံတွေနဲ့ ပိုနက်နက်ရှိုင်းရှိုင်း ညှိနှိုင်းဆောင်ရွက်ဖို့ အောက်တိုဘာ ၆ ရက်က ဆော်သြလိုက်ပါတယ်။ တရုတ် ကွန်မြူနစ်ပါတီရဲ့ လှိုက်စားမှု၊ အဂတိလိုက်စားမှုနဲ့ အနိုင်အထက်ပြု အကြပ်ကိုင်မှုတွေကို ဆန့်ကျင်ရေး အင်ဒိုပစိဖိတ် မဟာမိတ်နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်ဖို့ဟာ အတိမ်းအစောင်းမခံဘဲ လက်ရှိမှာ ပိုအရေးကြီးတယ်လို့လည်း ပွန်ပေအိုက သတိပေးလိုက်ပါတယ်။ မိတ်ဖက်အားလုံးဟာ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒိုပစိဖိတ်ဒေသအတွက် ကြိုးစားနေတယ်လို့ ဂျပန်မြို့တော် တိုကျိုမှာ ကျင်းပတဲ့ အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ အိန္ဒိယ လေးနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အစပိုင်းမှာ ပွန်ပေအိုက ပြောလိုက်တာပါ။ ပွန်ပေအိုရဲ့ ခရီးစဉ်ဟာ ကနဦးမှာ မွန်ဂိုလီးယားနဲ့ တောင်ကိုရီးယားကိုပါ ဆက်သွားဖို့ စီစဉ်ထားပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံရလို့ ခရီးစဉ်ကို ချုံ့ပစ်ခဲ့ရတာပါ။ ဒါဟာ ၂၀၁၉ ဇူလိုင်နောက်ပိုင်း ပွန်ပေအိုရဲ့ ပထမဆုံး အရှေ့အာရှခရီးစဉ်လည်း ဖြစ်ပါတယ်။ အမေရိကန်နဲ့ ဗျူဟာမြောက် ပြိုင်ဘက် တရုတ်တို့ကြား ဆက်ဆံရေးက ဆယ်စုနှစ်တွေအတွင်း အဆိုးဆုံးအချိန် ရောက်နေချိန်မှာ ဒီခရီးစဉ် ပေါ်ပေါက်တာလည်း ဖြစ်ပါတယ်။ တရုတ်ကတော့ ဒီလေးနိုင်ငံ အစည်းအဝေးဟာ တရုတ်ရဲ့ တိုးတက်မှုကို ထိန်းချုပ်ဖို့ ကြိုးစားချက်ပဲလို့ ပြစ်တင်ရှုတ်ချပါတယ်။ ဂျပန် နိုင်ငံခြားရေးဝန်ကြီးကတော့ အခြေခံအဆောက်အဦနယ်ပယ်၊ ဆိုင်ဘာလုံခြုံရေးနဲ့ တခြားနယ်ပယ်တွေမှာ လက်တွေ့ကျမယ့် ဆွေးနွေးပွဲတွေ အဆင့်တိုး လုပ်ဆောင်သွားဖို့  နိုင်ငံတွေက အတည်ပြုခဲ့ပြီးပြီလို့ ဆွေးနွေးပွဲအပြီးမှာ ပြောပါတယ်။
7 months Ago
Up