အမေရိကန် ဗိုလ်ချုပ်ကြီး

July 26, 2021

တာလီဘန်များကို လေကြောင်းတိုက်ခိုက်မှု ဆက်လုပ်မည်ဟု အမေရိကန် ဗိုလ်ချုပ်ကြီးပြော

တာလီဘန်တွေကိုရင်ဆိုင်တိုက်ခိုက်နေတဲ့ အာဖဂန်တပ်ဖွဲ့တွေကို ပံ့ပိုးပေးဖို့  အမေရိကန်အနေနဲ့  လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်သွားမယ်လို့ အမေရိကန်မရိန်းတပ်မှူး ဗိုလ်ချုပ်ကြီး ခဲန်းနက်မခန်ဇီက ပြောပါတယ်။ 

အာဖဂန်မှာရှိတဲ့ အမေရိကန်နဲ့ နိုင်ငံတကာတပ်တွေလျှော့ချနေတာနဲ့ ပတ်သက်ပြီး ဇူလိုင် ၂၅ ရက်နေ့က အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကတော့ အာဖဂန်နစ္စတန် နိုင်ငံထဲက အမေရိကန် စစ်ဆင်ရေးကို သြဂုတ်  ၃၁ရက်မှာ တရားဝင် အဆုံးသတ်ဖို့ ရက်သတ်မှတ် ထားပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင်ကတော့ အာဖဂန်နစ္စတန်ခေါင်းဆောင်တွေဟာ အဓိက လူဦးရေများတဲ့ နေရာတွေမှာ သူတို့ တပ်အင်အားတွေကို စုစည်းနေတယ်လို့လည်း   ဇူလိုင် ၂၄ရက်မှာ အာဖဂန်နစ္စတန်နိုင်ငံရဲ့ အခြေအနေကို မှတ်ချက်ပေး ပြောပါတယ်။ 

“တာလီဘန်တွေကို ဟန့်တားနိုင်မလား မဟန့်တားနိုင်ဘူးလား ဆိုတာနဲ့ပတ်သက်ရင် ကျနော် ထင်တာကတော့ ပထမဆုံး လုပ်ရမှာက အရှိန်အဟုန်ကို နှေးချအောင် လုပ်နိုင်တာ သေချာစေရမယ် အဲဒီနောက် သူတို့ ဆုံးရှုံးထားတဲ့ မြေတွေကို ပြန်ရအောင် ယူနိုင်မယ့် အနေအထား တခုကို ရောက်အောင် ရှေ့တိုး စွမ်းဆောင်နိုင်ရမယ်”လို့  လွိုဒ် အော်စတင်က ပြောပါတယ်။

အမေရိကန် အကြီးတန်း ဗိုလ်ချုပ်ကြီး တယောက်ကတော့ တာလီဘန်တွေဟာ အာဖဂန်နစ္စတန်နိုင်ငံရဲ့ အချက်အချာခရိုင် တဝက်လောက်ကို ထိန်းချုပ်ထားပြီး ဒါဟာ လုံခြုံရေးအခြေအနေ အမြန် ယိုယွင်းလာတာကို ပြနေတယ်လို့ မကြာသေးခင်က ပြောကြား ထားပါတယ်။ 

၂၀၁၁ စက်တင်ဘာ ၁၁ရက်မှာ အယ်လ်ကေဒါတွေက အမေရိကန်နိုင်ငံကို တိုက်ခိုက်အပြီး စတင် ခဲ့တဲ့ အာဖဂန်စစ်ပွဲမှာ အမေရိကန်ပါဝင် တိုက်ခိုက်မှု အဆုံးသတ်ဖို့ အမေရိကန် သမ္မတက ကြိုးစားနေတယ်လို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံအတွင်း အကြမ်းဖက်မှုတွေတိုးလာနေလို့ အာဖဂန်တရားမဝင် ရွှေ့ပြောင်း နေထိုင်သူ ဒါဇင်ချီဟာ ဇူလိုင် ၂၃ ရက်က တူရကီ အရှေ့ဘက် ဗန်ပြည်နယ်ကို ဖြတ်ကျော် ဝင်ရောက် လာပါတယ်။

နေတိုးနဲ့ အမေရိကန်တပ်တွေ ပြန်ဆုတ်ခွာနေချိန်မှာ အာဖဂန်အစိုးရနဲ့ တာလီဘန်တွေကြား အကြမ်းဖက်မှုဟာ လတ်တလော သီတင်းပတ်အတွင်း တိုးလာနေလို့ အာဖဂန်က လူတွေ အီရန်ကတဆင့် တူရကီနိုင်ငံထဲ အစုလိုက် အပြုံလိုက် ထပ်ရောက်လာမယ့် ဖြစ်နိုင်ချေကိုလည်း စိုးရိမ် နေကြပါတယ်။

4 months Ago
Up