အမေရိကန် ဒုသမ္မတ

August 26, 2021

တောင်တရုတ်ပင်လယ်အရေး တရုတ်ကို ဖိအားတိုးပေးရန်လိုဟု အမေရိကန် ဒုသမ္မတ ပြော

အငြင်းပွား တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး အနိုင်ကျင့်တာကို စိန်ခေါ်ဖို့နဲ့ တရုတ်အစိုးရအပေါ် ဖိအားတိုးပေးဖို့ လိုတယ်လို့ အမေရိကန်ဒုသမ္မတ ကမယ်လာဟဲရစ်က ဟနွိုင်းကို ရောက်ရောက်ချင်း သြဂုတ် ၂၅ ရက်မှာ ပြောလိုက်ပါတယ်။

တရုတ်ဟာ ဒေသတွင်း ပင်လယ်ပိုင်နက်အတွက် ကျောထောက်နောက်ခံရဖို့ ခြိမ်းခြောက် အကျပ်ကိုင်တဲ့နည်းကို သုံးနေတယ်လို့ ဟဲရစ်က စင်ကာပူ ခရီးစဉ်အတွင်း ပြောခဲ့တာပါ။

အဲဒီလို ပြောအပြီးမှာ တရုတ်နဲ့ အရှေ့တောင်အာရှ အိမ်နီးချင်းတွေကြား သပ်လျှိုဖို့ ဟဲရစ်က ကြိုးစားနေတယ်လို့ တရုတ်အစိုးရ မီဒီယာက စွပ်စွဲပါတယ်။

ဟနွိုင်းမြို့ထဲမှာ တယောက်ယောက်ဟာ ခေါင်းမူးတာ၊ ပျို့တာ၊ ခေါင်းတခြမ်းကိုက်တာနဲ့ မှတ်ဉာဏ်ချို့ယွင်းတာ စတဲ့ လက္ခဏာတွေ ရှိနေတယ်ဆိုတဲ့ အစီရင်ခံစာတွေကြောင့် ခရီးစဉ် ၃ နာရီကြာ နှောင့်နှေးအပြီး သြဂုတ် ၂၄ ရက်မှာ  ဟဲရစ်က ဟနွိုင်းကို ရောက်လာတာပါ။

ဟဲရစ်ကို ဟနွိုင်းကို မပို့ခင် ဘေးကင်းရေး ဆောင်ရွက်ချက်တွေ အပြီးလုပ်ခဲ့တယ်လို့ အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ဂျန်ဆာကီက ပြောပါတယ်။

2 months Ago

August 25, 2021

ဗီယက်နမ်သို့ အမေရိကန် ဒုသမ္မတ ကမယ်လာဟဲရစ် သွားရောက်

အရှေ့တောင်အာရှနိုင်ငံတွေကို တစ်ပတ်ကြာ ခရီးလှည့်နေတဲ့ အမေရိကန် ဒုသမ္မတ ကမယ်လာဟဲရစ်ဟာ စင်ကာပူနိုင်ငံကနေ ဗီယက်နမ်နိုင်ငံကို သြဂုတ် ၂၄ ရက်က ထွက်ခွာသွားပါတယ်။

တရုတ်အစိုးရဟာ တောင်တရုတ်ပင်လယ်အတွင်းက ဥပဒေမဲ့ ပိုင်နက်ကြေညာချက်တွေကို ကျောထောက်နောက်ခံပေးဖို့ အကျပ်ကိုင် ခြိမ်းခြောက်တာတွေ လုပ်ခဲ့တယ်လို့လည်း သူက စွပ်စွဲပါတယ်။

တောင်တရုတ်ပင်လယ်အရေးဟာ အမေရိကန် လုံခြုံရေးအတွက် မဖြစ်မနေ အရေးကြီးတယ်လို့လည်း သူက ပြောပါတယ်။

ဟဲရစ်ရဲ့ စင်ကာပူနဲ့ ဗီယက်နမ် ခရီးစဉ်ဟာ တရုတ်ရဲ့ လုံခြုံရေးနဲ့ စီးပွားရေးအပေါ် လွှမ်းမိုးမှု တိုးလာတာကို ဟန့်တားကာကွယ်ဖို့ ရည်မှန်းထားတာပါ။

တောင်တရုတ်ပင်လယ်ရဲ့ အစိတ်အပိုင်းတွေကို တရုတ်က ပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောနေတဲ့အပေါ် စိုးရိမ်ပြီး အမေရိကန် အစိုးရက နည်းလမ်းကို ဦးဆောင်နိုင်ကြောင်းလည်း သူက မိန့်ခွန်းထဲမှာ ပြောပါတယ်။

တရုတ်ရဲ့ ပြိုင်ဆိုင်မှုကို ရာစုနှစ်အတွင်း အကြီးဆုံး ဘူမိနိုင်ငံရေး စမ်းသပ်ချက်လို့ အမေရိကန်အစိုးရက ခေါ်ဝေါ် ခဲ့တာပါ။

ဒါကြောင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင် အပါအဝင် အမေရိကန် အစိုးရ ထိပ်တန်းအရာရှိတွေက အရှေ့တောင်အာရှ အာဆီယံဒေသကို ဆက်တိုက် လာရောက် လည်ပတ်ခဲ့ကြပါတယ်။

2 months Ago
Up