အမေရိကန် စိတ်ပျက်

February 17, 2021

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထပ်တိုးအမှုဖြင့် တရားစွဲဆိုမှု အမေရိကန် စိတ်ပျက်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို  အာဏာသိမ်း စစ်အစိုးရက နောက်ထပ် ထပ်တိုးအမှုနဲ့ တရားစွဲဆိုလိုက်တဲ့အပေါ်  စိတ်ပျက်ရကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ် က ပြောပါတယ်။

“နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထပ်တိုးအမှုနဲ့ တရားစွဲဆိုတာကိုသိရတဲ့အတွက် ကျနော်တို့အနေနဲ့ စိတ်ပျက်သောကဖြစ်ရပါတယ်။ ကျနော်တို့ အရင်ကပြောခဲ့သလိုပါပဲ မြန်မာစစ်တပ်အနေနဲ့ မတရားဖမ်းဆီးထိန်းသိမ်း ထားတဲ့ အရပ်သားနိုင်ငံရေးခေါင်းဆောင်တွေ၊ သတင်းသမားတွေ၊ တက်ကြွလှုပ်ရှားသူ တွေနဲ့တခြားအရပ်ဘက်လူမှုအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေအကုန်လုံးကို ချက်ချင်းပြန်လွှတ် ပေးဖို့နဲ့ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို အာဏာပြန်ပေးဖို့ တောင်းဆိုပါတယ်။

စစ်အစိုးရက နိုင်ငံတော် သမ္မတဦးဝင်းမြင့်ကို သဘာဝဘေးစီမံခန့်ခွဲမှုအက်ဥပဒေနဲ့ အမှုဖွင့်ထား တာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ပို့ကုန်သွင်း ကုန်ဥပဒေပုဒ်မ ၈ နဲ့တရားစွဲထားရာက သဘာဝဘေးစီမံခန့်ခွဲမှုအက်ဥပဒေနဲ့ပါ  နောက်ထပ် အမှုတခုထပ်တိုး လိုက်တာ ဖြစ်ပါတယ်။

“သမ္မတကြီးပြောခဲ့သလိုပါပဲ၊ စစ်တပ်ကအာဏာသိမ်းမှုဟာ နိုင်ငံတော်ရဲ့ ဒီမိုကရေ စီအသွင်ကူးပြောင်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို တိုက်ရိုက်ထိပါး တိုက်ခိုက်ချေမှုန်းတာ ဖြစ်ပါတယ်”လို့အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ်က ပြောပါတယ်။

သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို တရားစွဲထားတဲ့ အမှုအတွက် နောက်လာမယ့် ရုံးချိန်းကိုတော့ လာမယ့်  မတ်လမှာ  ပြုလုပ်သွားမယ်လို့ သိရပါတယ်။

10 months Ago
Up