အမေရိကန် ကောလိပ်ဝင်ခွင့်

October 9, 2021

အမေရိကန်ကောလိပ်ဝင်ခွင့် လာဘ်ပေးလာဘ်ယူမှုဖြင့် ကျောင်းသားမိဘ ၂ ဦး ပထမဆုံး ပြစ်ဒဏ်ချခံရ

အမေရိကန်ကောလိပ်၀င်ခွင့် အရှုပ်တော်ပုံမှာ ပထမဆုံး တရားရင်ဆိုင်ရတဲ့ ကျောင်းသားမိဘ အမေရိကန်သူဌေး ဖခင် ၂  ဦးကို အောက်တိုဘာ ၈ ရက်မှာ တရားရုံးက လာဘ်ပေးလာဘ်ယူမှုနဲ့  ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

ကာစီနို အမှုဆောင်အရာရှိဟောင်း  ဂါမယ်လ်အဇစ်နဲ့ ပုဂ္ဂလိကရှယ်ယာကုမ္ပဏီ တည်ထောင်သူ ဂျွန်ဝီလ်ဆင်တို့ဟာ သူတို့ကလေးတွေကို အမေရိကန် အထက်တန်းစားတက္ကသိုလ်တွေမှာ တက်ရောက်ခွင့်ရရေးအတွက် လာဘ်ပေးလာဘ်ယူလုပ်ပြီး ဝင်ခွင့်ဝယ်ယူပြီး အကျင့်ပျက် ဆောင်ရွက်ခဲ့မှုနဲ့ တရားစွဲခံခဲ့ရတာပါ။

သူတို့ကလေးတွေရဲ့ ဝင်ခွင့်နေရာတွေ သေချာစေရေးအတွက် ဒေါ်လာထောင်ပေါင်းများစွာ ပေးထားမှုတွေနဲ့ပတ်သက်တဲ့ စွဲချက်အားလုံးမှာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့တာပါ။

သူတို့နှစ်ဦးဟာ သားသမီးတွေ ကောလိပ်မှာ ဝင်ခွင့်သေချာစေရေးအတွက် ကယ်လီဖိုးနီယား ကောလိပ်၀င်ခွင့် အတိုင်ပင်ခံနဲ့ ပူးပေါင်းကြံစည်ပြီး လိမ်လည်လှည့်ဖြား လုပ်ဆောင်မှုကြောင့် တရားစွဲခံခဲ့ရတဲ့ သူဌေးမိဘ ၅၇ ယောက်ထဲမှာ အပါအဝင် ဖြစ်ပါတယ်။ 

ဒီအမှုကို စီရင်ခဲ့တဲ့ ဥပဒေအရာရှိ နသန်နီရယ်လ်ပြောတာက သူတို့ဟာ သူတို့လိုချင်တာရဖို့ လိမ်လည်မှုနဲ့ လာဘ်ပေးလာဘ်ယူကိုသုံးပြီး အခွင့်ထူးခံနဲ့ ဥပဒေကို ချိုးဖောက်ခဲ့တာကြောင့် သူတို့ရဲ့လုပ်ရပ်ဟာ ကြိုးစားတဲ့ကျောင်းသားတွေနဲ့ မိဘတွေကို စော်ကားတာဖြစ်လို့ အခု လို အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရတာလို့ ဆိုပါတယ်။

ဒီအမှုကို ၄ ပတ်ကြာ ရုံးတင်စစ်ဆေးခဲ့ပြီး ဂျူရီအဖွဲ့ရဲ့ ၁၀ နာရီခွဲကြာ ဆွေးနွေးချက်တွေအပြီးမှာ စီရင်ချက်ချခဲ့တာပါ။

ဒီအမှုဟာ အဆင့်မြင့်ပညာရေးမှာ မညီမျှမှုတွေနဲ့ သူတို့သားသမီးတွေအတွက် ထိပ်တန်းကျောင်း တွေကို အဆင်ပြေပြေသွားခွင့်ရဖို့ ချမ်းသာတဲ့ မိဘတွေရဲ့ လက်တံရှည်မှုကိုလည်း ဖော်ထုတ် ပြသခဲ့တယ်လို့ ဆိုပါတယ်။

1 week Ago
Up