အမေရိကန်အဆိုတော်

April 2, 2020

ဂရမ်မီဆုရ အမေရိကန်အဆိုတော် Adam Schlesinger ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး သေဆုံး

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ဆေးရုံမှာ ကုသမှုခံယူနေတဲ့ ဂရမ်မီဆုရ အမေရိကန်အဆိုတော် Adam Schlesinger ဟာ ဧပြီ ၁ ရက်နေ့မနက်ပိုင်းက သေဆုံးသွားပြီလို့ ဂါးဒီးယန်းသတင်းတပုဒ်မှာ ဖော်ပြပါတယ်။  အသက် ၅၂ နှစ်အရွယ် သူဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖျားနေခဲ့တဲ့အတွက် နယူးယောက်မြို့ ဆေးရုံတရုံမှာ တက်ရောက်ကုသနေချိန်မှာ သေဆုံးသွားခဲ့တာလို့ မိသားစုဝင်တွေက သတင်းထုတ်ပြန်လိုက်ပါတယ်။  သူဟာ မသေဆုံးခင် ၂ ပတ်အလိုလောက်ကတည်းက ဆေးရုံမှာ အသက်ရှူစက် (Ventilator) အကူအညီနဲ့ ဆေးကုသမှုခံယူနေခဲ့ရတာပါ။ Adam Schlesinger ဟာ ၁၉၉၅ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့တဲ့ နာမည်ကျော် အမေရိကန်ရော့ခ်တေးဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ Fountains Of Wayne ကို တည်ထောင်သူတဦးအဖြစ် ထင်ရှားပါတယ်။ ဇနီးဖြစ်သူနဲ့ ကွာရှင်းထားခဲ့ပြီးဖြစ်တဲ့ Adam Schlesinger ဟာ သေဆုံးချိန်မှာတော့ သမီးဖြစ်သူ ၂ ဦးသာ ကျန်ရှိနေခဲ့ပါတယ်။ ခုလိုသေဆုံးမှုအပေါ် အနုပညာရှင်တွေကလည်း ကြေကွဲဝမ်းနည်းရကြောင်း ဖော် ပြခဲ့ကြပြီး အဆိုတော် Nicole Atkins ကတော့ “Adam Schlesinger ရဲ့ နာရေးသတင်းက ကျမအတွက် တကယ့်ကို ကြေကွဲဝမ်းနည်းရပါတယ်။ သူဟာ ကျမနဲ့ သီချင်းအတူ ဖန်တီးဖူးတဲ့သူပါ။ တကယ့်ကို စိတ်သဘောထားကောင်းပြီး ထူးချွန်တဲ့သူပါပဲ။ Fountains of Wayne အဖွဲ့သားတွေ၊ မိသားစုဝင်တွေနဲ့ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ်”လို့ ပြောပါတယ်။ တေးရေးတဦးဖြစ်တဲ့ Diane Warren ကတော့ “ငြိမ်းချမ်းရာမှာ အိပ်စက်ပါတော့  Adam Schlesinger ရေ။ ကျန်ရစ်တဲ့ မိသားစုတွေနဲ့အတူ ချစ်ခြင်းများစွာနဲ့။ သီချင်းတွေအတွက် ကျေးဇူးတင်နေမှာပါ”လို့ ရေးသားဖော်ပြခဲ့ပါတယ်။ Adam Schlesinger ဟာ သူ့ရဲ့ အနုပညာသက်တမ်းတလျှောက်မှာ အော်စကာ၊ ရွှေကမ္ဘာလုံးဆုတွေအပါအဝင်  Tonys၊ Grammys နဲ့ Emmys ဆုဆန်ကာတင်စာရင်း ဝင်ခဲ့သူတဦးဖြစ်ကာ Emmy ဆု ၃ ဆုနဲ့ Grammy ဆုတဆု ဆွတ်ခူးရရှိခဲ့ပါတယ်။ အော်စကာဆုဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့တာကတော့ ဟောလိဝုဒ်စတားတ ယောက်ဖြစ်တဲ့ မင်းသားကြီး Tom Hanks ရိုက်ကူးတဲ့ ဂီတဒရာမာရုပ်ရှင်အတွက် ၁၉၉၇ ခုနှစ်မှာ ရေးသားခဲ့တဲ့ That Thing You Do! သီချင်းနဲ့ ပါဝင်နိုင်ခဲ့တာပါ။ လတ်တလောမှာတော့ Tom Hanks ကလည်း ဒီသတင်းအတွက် ဝမ်းနည်းစိတ်မ ကောင်းဖြစ်ရကြောင်း သူ့ရဲ့ တွစ်တာအင်တာနက်လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။ မင်းသားကြီး Tom Hanks နဲ့ ဇနီးဖြစ်သူတို့ဟာလည်း ဩစတြေးလျနိုင်ငံမှာ ရိုက် ကူးရေးတခုနဲ့ ရှိနေချိန် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ ပြန် လည်သက်သာကောင်းမွန်နေခဲ့ပြီ ဖြစ်ပါတယ်။
1 year Ago

February 14, 2020

အဆိုတော် Billie Eilish သီဆိုသည့် ဂျိမ်းစ်ဘွန်းရုပ်ရှင်ဇာတ်ဝင်တေး-No Time to Die(ရုပ်သံ)

အခုနှစ်ထဲ ရုံတင်ပြသတော့မယ့် ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားသစ်ထဲမှာ ပါဝင်မယ့် ဇာတ်ဝင်တေးတပုဒ်ထွက်ပေါ်လာခဲ့ပါတယ်။ ဒီသီချင်းကိုတော့ သိပ်မကြာသေးခင်ကမှ ဂရမ်မီတေးဂီတဆုချီးမြှင့်ပွဲမှာ ဆုအများဆုံး သိမ်းပိုက်သွားနိုင်ခဲ့တဲ့ အမေရိကန်အဆိုတော် ကောင်မလေး Billie Eilish က သီဆို ပေးထားခဲ့တာပါ။ အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ Billie Eilish ဟာ  ၆၂ ကြိမ်မြောက်အဖြစ် ကျင်းပတဲ့ ဒီဆုချီးမြှင့်ပွဲမှာ Album of the Year ဆုအပါအဝင် ဆုပေါင်း ၅ ဆုရရှိခဲ့တာ ဖြစ်ပါတယ်။ အရင်က Album of the Year ဆုကို Fearless တေးအယ်လ်ဘမ်နဲ့ အဆိုတော် တေလာဆွစ်ဖ်က အသက် ၂၀ အရွယ်မှာ ဆွတ်ခူးခဲ့တာမို့ Billie Eilish က ခုလိုဆွတ်ခူး နိုင်ခဲ့တာဟာ စံချိန်တင်အသက်အငယ်ဆုံး အနုပညာရှင်ဖြစ်လာခဲ့တာပါ။ Billie Eilish သီဆိုထားတဲ့ ဒီရုပ်ရှင်ဇာတ်ဝင်တေးထဲမှာတော့ ချောက်ချားစရာ ပီယာနိုအသံနဲ့ စတင်ထားခဲ့ကာ ငြီးငွေ့နေတဲ့ အသံနဲ့ “တယောက်တည်းနေရမယ်လို့ ငါသိခဲ့သင့်တယ်” အစချီ သီဆိုထားခဲ့တာကို ထူးခြားတဲ့အသံနဲ့ နားဆင်ကြရမှာဖြစ်ပါတယ်။ “No Time to Die” လို့ အမည်ရတဲ့ ဇာတ်ကားသစ်ဟာ ၂၅ ကားမြောက် ဂျိမ်းစ် ဘွန်းဇာတ်ကားဖြစ်ပြီး ပြန်ပေးဆွဲခံရတဲ့ သိပ္ပံပညာရှင်တယောက်ကိုကယ်တဲ့ စွန့်စားခန်းတွေကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ သူလျှိုဇာတ်ကောင် ဂျိမ်းစ်ဘွန်းအဖြစ် ဗြိတိန်မင်းသား ဒန်နီရယ် ခရေ့ချ်က သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ သူသရုပ်ဆောင်ခဲ့တဲ့ “Spectre” ဂျိမ်းစ်ဘွန်းကားဟာ  ၂၀၁၅ ခုနှစ်မှာ တကမ္ဘာလုံး ရုံတင်ငွေ အမေရိကန်ဒေါ်လာ သန်း ၈၈၀ ရရှိခဲ့ပြီး ကမ္ဘာ့ အမြတ်အများဆုံး ရုပ်ရှင်ကား စာရင်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၂ ခုနှစ်က ထွက်ရှိလာတဲ့ “Skyfall” ဂျိမ်းစ်ဘွန်းကားဟာလည်း တကမ္ဘာလုံး ရုံတင်ငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် ရရှိခဲ့ပြီး ဘွန်းအဖြစ် ဒန်နီရယ် ခရေ့ချ်ကပဲ သရုပ်ဆောင်ထားပါတယ်။ အခုအသစ်ထွက်ရှိလာတဲ့ ရုပ်ရှင်ကားဟာ ဂျိမ်းစ်ဘွန်းရုပ်ရှင်စီးရီးတွေရဲ့ ၂၅ ကား မြောက်ဖြစ်ပြီး သရုပ်ဆောင်မင်းသား ဒန်နီရယ်ခရိတ်ဂျ်ရဲ့ ပဉ္စမမြောက်နဲ့ နောက်ဆုံးပါဝင်မယ့် ရုပ်ရှင်ကားလည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ အော်စကာဆုရှင် သရုပ်ဆောင်မင်းသား ရာမီမလိခ်ကလည်း ဗီလိန်ဇာတ်ကောင်တဦးအနေနဲ့ ပါဝင်လာမှာဖြစ်ပြီး တခြားဟောလိဝုဒ် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ လီယာဆီဒူးဇ်၊ ရက်လ်ဖ်ဖင်းန်စ်၊ နာအိုမီဟဲရစ်စ်တို့လည်း ပါဝင်ထားကြပါတယ်။ No Time To Die ရုပ်ရှင်ကို လာမယ့်နှစ် ဧပြီ ၃ ရက်နေ့ စတင်ပြီး ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
1 year Ago
Up