အမေရိကန်အစိုးရ

A d v e r t i s e m e n t With Us

November 26, 2020

အီရန်ဆိုင်ရာမူဝါဒသစ်အစားထိုးပေးရန် အမေရိကန်အစိုးရသစ်ကို သမ္မတရိုဟာနီ တိုက်တွန်း

ရာထူးက ဆင်းရတော့မယ့်  သမ္မတ ဒေါ်နယ်ထရမ့်ရဲ့  အီရန်ဆိုင်ရာ မူဝါဒတွေကို   ပြစ်တင် ရှုတ်ချပြီး အစားထိုးပေးဖို့ အမေရိကန်အစိုးရသစ်ကို အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက နိုဝင်ဘာ ၂၅ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။  မြို့တော် တဟီရန်မှာလုပ်တဲ့ အစိုးရအဖွဲ့ အစည်းဝေးအတွင်း သမ္မတ ရိုဟာနီက အမေရိကန် အစိုးရသစ်အနေနဲ့ ပထမဆုံးခြေလှမ်းအဖြစ် အီရန်ဆိုင်ရာ ထရမ့်ရဲ့မူဝါဒတွေကို ပြတ်ပြတ် သားသား ပြစ်တင်ရှုတ်ချဖို့ မျှော်လင့်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။  လူ့အခွင့်အရေးချိုးဖောက်တဲ့ မူဝါဒတွေ၊ အကြမ်းဖက်လုပ်ရပ်ဖြစ်တဲ့ မူဝါဒတွေကို ရှုတ်ချရမယ်လို့ ရိုဟာနီက ပြောပါတယ်။  ရွေးကောက်ခံသမ္မတ ဘိုင်ဒင်ရဲ့အောင်ပွဲကြောင့် ၂၀၁၅ အီရန် နျူကလီးယား သဘော တူညီချက်မှာ အမေရိကန်ပြန်ပါဝင်မယ့် အလားအလာမြင့်တက်လာပါတယ်။  အဲဒီသဘောတူညီချက်အရ အီရန်ရဲ့ နျူကလီးယားအစီအစဉ် ထိန်းချုပ်တဲ့အပေါ်မှာ အပြန်အလှန်အနေနဲ့ အရေးယူပိတ်ဆို့မှုတွေကို ဖယ်ရှားခဲ့ပါတယ်။  ၂၀၁၈ မှာတော့ သမ္မတ ထရမ့်က သဘောတူညီချက်ကို ကျောခိုင်းခဲ့သလို အီရန်ကလည်း လက်တုံ့ပြန်ပြီး စည်းကမ်းလိုက်နာမှုတွေကို လျှော့ချခဲ့ပါတယ်။ ၂၀၁၇ ဇန်နဝါရီလ ၂၀ ရက်က သဘောတူညီချက် စည်းကမ်းချက်တွေအတိုင်း ပြန်သွားဖို့  နှစ်ဖက်စလုံးက စိတ်ဆန္ဒရှိတယ်ဆိုပြီး အီရန်နဲ့အမေရိကန်ဟာ   ကြေညာနိုင်တယ်လို့  ရိုဟာနီက ပြောပါတယ်။
3 months Ago

July 23, 2020

ဟူစတန်ရှိ တရုတ်ကောင်စစ်ဝန်ရုံး ပိတ်သိမ်းရန် အမေရိကန်အစိုးရပြော

ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံကြီး နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့တရုတ်ကြား ဆက်ဆံရေး ပိုဆိုးလာနေချိန်မှာ အမေရိကန်နိုင်ငံ ဟူစတန်မြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ဖို့ အမေရိကန်အစိုးရက ဇူလိုင်လ ၂၂ ရက်မှာ ပြောလိုက်ပါတယ်။ ဒါကြောင့် တရုတ်အစိုးရကလည်း လက်တုံ့ပြန်တဲ့ အနေနဲ့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ စတင်ကူးစက်တဲ့နေရာလို့ သိထားကြတဲ့ ဝူဟန်မြို့က အမေရိကန်ကောင်စစ်ဝန်ရုံးကို ပိတ်ဖို့ စဉ်းစားနေတယ်လို့ သတင်းရင်းမြစ် တရပ်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြ ပါတယ်။  ဟူစတန်ကောင်စစ်ဝန်ရုံးကိုပိတ်ဖို့ အမေရိကန်က အတင်းအကြပ် တောင်းဆိုချက်ဟာ မကြုံ စဖူး ကျယ်ပြန့် ပြင်းထန်လာတဲ့ လုပ်ရပ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၁ ရက်မှာ ပြောပါတယ်။  တရုတ်အစိုးရဟာ ဟူစတန်ကောင်စစ်ဝန်ရုံးကို ပိတ်ဖို့ ၇၂နာရီ အချိန်ပေးခဲ့ရတယ်လို့ တရားဝင်တရုတ်မီဒီယာတခုရဲ့ အယ်ဒီတာက ပြောပါတယ်။  အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက သူတို့လုပ်ရပ်ဟာ အမေရိကန်တွေရဲ့ ဉာဏပစ္စည်း မူပိုင်ခွင့်နဲ့ ပုဂ္ဂလိက သတင်းအချက်အလက်တွေကို ကာကွယ်ဖို့လို့ ပြောပါတယ်။ တရုတ်အစိုးရကတော့ အမေရိကန်ရဲ့အမိန့်ကို ပြစ်တင်ရှုတ်ချပြီး လက်စားချေမယ်လို့ ခြိမ်းခြောက်ပါတယ်။ ဒါပေမဲ့ ဘယ်လိုလုပ်မယ် ဆိုတာတော့ မပြောပါဘူး။ တရုတ်သူခိုးတွေဟာ အမေရိကန်နဲ့ ဥရောပဉာဏပစ္စည်းတွေကို ခိုးယူတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေအိုက ဒိန်းမတ်ခရီးစဉ်အတွင်း ထပ်စွပ်စွဲပါတယ်။ တရုတ်ရဲ့ဒီလုပ်ရပ်ကြောင့် အလုပ်အကိုင် ရာထောင်ချီ ဆုံးရှုံးနေရတယ်လို့လည်း ပြောပါတယ်။ ကမ္ဘာတဝန်းက ရာချီတဲ့ လူတွေ၊ ကိုဗစ်-၁၉ သုတေသနပညာရှင်တွေ၊ ကာကွယ်ရေး ကန်ထရိုက်တာတွေကို ပစ်မှတ်ထားပြီး ဆယ်စုနှစ်ချီ ဆိုင်ဘာသူလျှိုထောက်မှုအတွက် တရုတ် နိုင်ငံသား ၂ယောက်ကို အမေရိကန်တရားရေးဌာနက တရားစွဲထားတာကိုလည်း ပွန်ပေအိုက ရည်ညွှန်း ပြောဆိုခဲ့ပါတယ်။
7 months Ago
More News
Up