အမေရိကန်သံအမတ်ဟောင်း

November 2, 2021

အမေရိကန်သံအမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန်နှင့် စစ်ခေါင်းဆောင်တွေ့ဆုံ၊ ကိုဗစ် -၁၉ ကာကွယ်ဆေးကိစ္စဆွေးနွေး

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ဟောင်းလည်းဖြစ် နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်တဲ့ ဘီလ်ရစ်ချတ်ဆန်ဟာ မြန်မာနိုင်ငံမှာ ရောက်ရှိနေပြီး မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုဝင်ဘာ ၂ ရက်က  နေပြည်တော်မှာသွားရောက် တွေ့ဆုံခဲ့ပါတယ်။ 

ဒီနေ့မနက် တွေ့ဆုံရာမှာ မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းတွေ ဆောင်ရွက်နေမှုအခြေအနေတွေ၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ဆေးများထိုးနှံပေး နေမှုအခြေအနေတွေ၊ ကျောင်းတွေပြန်လည်ဖွင့်လှစ်နေမှု အခြေအနေတွေ၊ မြန်မာနိုင်ငံ အတွက် အမေရိကန်နိုင်ငံမှ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ကူညီပေးမယ့် အခြေအနေတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပါတယ်။

ဘီလ်ရစ်ချတ်ဆန်ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး၊ ဆေးဝါးနဲ့ တခြား ပြည်သူ့ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပို့ဆောင်ရေး လမ်းကြောင်းတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးသွားမယ်လို့  မြန်မာခရီးစဉ်မတိုင်ခင် ထုတ်ပြန်ထားတယ်။

ရစ်ချတ်ဆန်ဟာ ဒီခရီးစဉ်အတွင်း ပြီးခဲ့တဲ့ မေ ၂၄ ရက်ကတည်းက ဖမ်းဆီးခံထားရတဲ့ အမေရိကန် ဂျာနယ်လစ် ဒန်နီဖှန်စတာ ပြန်လည်လွတ်မြောက်ရေးအတွက် လုပ်ဆောင်သွားဖို့ ရှိမရှိဆိုတာနဲ့ ပတ်သက်ပြီးတော့လည်းဖြေကြားဖို့ ငြင်းဆိုထားပါတယ်။

မစ္စတာဘီလ်ရစ်ချတ်ဆန်ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ဘဝမှာ ပြင်ပဧည့်သည်အနေနဲ့ ပထမဆုံး တွေ့ဆုံခွင့်ရခဲ့ပြီးကတည်းက ဒေါ်ဆောင်ဆန်းစုကြည်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့ဖူးသူဖြစ်ကာ မြန်မာ့နိုင်ငံရေး ကိစ္စတွေမှာ ဆယ်စုနှစ်တွေနဲ့ချီ ပါဝင်ပတ်သက်ခဲ့ဖူးသူဖြစ်ပါတယ်။

အန်အယ်လ်ဒီအစိုးရလက်ထက်ဖွဲ့စည်းခဲ့တဲ့   ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေး ကော်မတီရဲ့ ၅ ဦးပါ အကြံပေးအဖွဲ့မှလည်း အဖွဲ့ဝင်အဖြစ်  ခန့်အပ်ခံရဖူးပါတယ်။

ဘီလ်ရစ်ချတ်ဆန်ဟာ မြန်မာနိုင်ငံကို  လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက နောက်ဆုံး လာရောက်ခဲ့စဉ်က  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့  အစည်းအဝေးတခုမှာ  ရိုက်တာသတင်းထောက်၂ ယောက်ဖမ်းဆီးခံထားရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စကားအချေအတင် ဖြစ်ခဲ့ပါတယ်။

ဒီနောက် အကြံပေးအဖွဲ့ဟာ မြန်မာအစိုးရကို ထောက်ခံ ကာကွယ်ပေးဖို့ ဖွဲ့ထားတာလို့ ဘီလ်ရစ်ချတ်ဆန်က စွပ်စွဲပြီး အကြံပေးအဖွဲ့ကနေ နုတ်ထွက်သွားခဲ့ပါတယ်။  အကြံပေးအဖွဲ့ခေါင်းဆောင်  ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ဒေါက်တာ ဆူရာကီရတ်ကတော့ ရစ်ချတ်ဆန်ရဲ့ စွပ်စွဲချက်ဟာ ဆီလျော်ညီညွတ်မှု မရှိကြောင်း တုံ့ပြန် ပြောဆိုခဲ့သလို မြန်မာအစိုး ရဘက်ကလည်း ရစ်ချတ်ဆန်ဟာ အကြံပေးအဖွဲ့ လုပ်ငန်းစဉ်နဲ့ မသက်ဆိုင်တဲ့ကိစ္စတွေလုပ်ဆောင်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

အခုတကြိမ် ရစ်ချတ်ဆန် မြန်မာနိုင်ငံကိုလာမယ့်ခရီးစဉ်ဟာ အာဏာသိမ်း စစ်ကောင်စီက ဖိတ်ခေါ်လို့လာတာလား ရစ်ချတ်ဆန်ရဲ့ မြန်မာပြည်လာဖို့ ကမ်းလှမ်းချက်ကို စစ်ကောင်စီက ခွင့်ပြုလက်ခံလိုက်တာလား၊ ဘယ်လို အပေးအယူ ညှိနှိုင်းမှုတွေရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

ဒီနေ့တွေ့ဆုံပွဲမှာတော့ စစ်ကောင်စီခန့် ဝန်ကြီးတွေဖြစ်တဲ့ ဦးဝဏ္ဏမောင်လွင်၊ ဦးကိုကိုလှိုင်၊ ဒေါက်တာသက်ခိုင်ဝင်း တို့လည်းတက်ရောက်ခဲ့ကြပါတယ်။

PHOTO- DSINFO

1 month Ago

April 21, 2021

မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံက နားချနိုင်မည်မဟုတ်ဟု အမေရိကန်သံအမတ်ဟောင်းပြော

အာဆီယံနိုင်ငံတွေဟာ မိတ်ဆွေသဘော ဖျောင်းဖျတိုက်တွန်းမှုမျိုးနဲ့ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နားချနိုင်လိမ့်မယ်မဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း စကော့ မာစီရယ်က ဝေဖန်ပြောဆိုပါတယ်။

ဘဏ္ဍာရေးအရဖြစ်စေ အရေးယူပိတ်ဆို့နိုင်တဲ့ ပြင်းထန်တဲ့ခြိမ်းခြောက်မှု တစ်ခုခုနဲ့ ဖြစ်စေ တွန်းအားပေးနိုင်ဖို့ လိုအပ်လိမ့်မယ်လို့ စကော့မာစီရယ်က သူ့ရဲ့တွစ်တာစာမျက်နှာမှာ ရေးသားထားပါတယ်။ 

အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းဟာ ပြည်တွင်းရေးဝင်ရောက်မစွက်ဖက်ရေးမူနဲ့ အပြုသဘောဆက်ဆံရေး အစဉ်အလာတွေကျင့်သုံးနေခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေဘက်က အထူးကိုယ်စားလှယ်တစ်ယောက်ကို မြန်မာနိုင်ငံဆီစေလွှတ်နိုင်ဖို့ ရည်ရွယ်နေတဲ့အကြောင်း သတင်းတွေထွက်ပေါ်နေပြီး နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch ကတော့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အစည်းအဝေးတက်ရောက်ဖို့ ဖိတ်ကြားထားတာကို ပြန်လည်ရုပ်သိမ်းဖို့ တောင်းဆိုထားပါတယ်။ 

8 months Ago
Up