အမေရိကန်သမ္မတဟောင်း

A d v e r t i s e m e n t With Us

January 7, 2021

လွှတ်တော်စီးနင်းမှုအပေါ်  အမေရိကန်သမ္မတဟောင်းများ ပြစ်တင်ရှုံချ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံတဲ့ ဆန္ဒပြသူတွေက အမေရိကန် အောက်လွှတ်တော် အဆောက်အအုံကို အကြမ်းဖက် စီးနင်းတဲ့ လုပ်ရပ်ကို အမေရိကန် သမ္မတဟောင်းတွေက ဇန်နဝါရီ ၆ ရက်မှာ လူမှုကွန်ရက်မီဒီယာတွေပေါ်ကနေ ပြစ်တင် ရှုံ့ချ လိုက်ကြပါတယ်။ လက်ရှိခေါင်းဆောင်က ဖြန့်ချိတဲ့ သတင်းမှားတွေကြောင့် ခုလိုဖြစ်တာလို့လည်း ပြစ်တင် ရှုံ့ချပါတယ်။ အောက်လွှတ်တော်ကို အကြမ်းဖက် စီးနင်းတဲ့ လုပ်ရပ်ဟာ ရီပတ်ဗလစ်ကင်ပါတီဝင် သမ္မတထရမ့်က သွေးထိုးလို့ ဖြစ်ရတာမို့ ခုချိန်ဟာ ရီပတ်ဗလစ်ကင်ပါတီခေါင်းဆောင်တွေက မီးဆက်မွှေးမလား မီးတောက်တွေကို ငြှိမ်းမလားဆိုတာ ဆုံးဖြတ်ရတော့မယ်လို့ အမေရိကန် သမ္မတဟောင်း ဘားရတ်အိုဘားမားက သူ့ရဲ့ တရားဝင် တွစ်တာလူမှုကွန်ရက်အကောင့်ကနေ ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။  အမေရိကန် သမ္မတ ဂျော့ချ် ဒဗလျူ ဘုရှ်ကတော့ ဒီဖြစ်ရပ်ဟာ စက်ဆုပ်ရွံရှာဖွယ် နာကျင် ဝမ်းနည်းစရာ ဖြစ်ရပ်ပဲလို့ တွစ်တာစာမျက်နှာမှာ ပြောပါတယ်။ သမ္မတဟောင်း ဘီလ်ကလင်တန်ကတော့ ဒီလုပ်ရပ်ဟာ အောက်လွှတ်တော်အခြေခံ ဥပဒေနဲ့ နိုင်ငံကို တိုက်ခိုက်မှုပဲလို့ ပြောပါတယ်။  သမ္မတထရမ့်ကို ထောက်ခံသူတွေက အောက်လွှတ်တော်ကို ဝင်စီးပြီး ခန်းမတွေ ရုံးခန်းတွေ တလျှောက် ဝင်ရောက် မွှေနှောက်ခဲ့လို့ ထိတ်လန့် သွေးပျက်စရာဖြစ်ခဲ့ တာပါ။  ရဲတွေက လွှတ်တော်အမတ်တွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးပြီး မျက်ရည်ယို ဓာတ်ငွေ့တွေ သုံးရင်း အချိန် ၃နာရီ ကျော်ကြာအောင် ရှင်းလင်းခဲ့ရပါတယ်။  ဖျက်ဆီးရမ်းကားနေတဲ့ ဝရုန်းသုန်းကား ဖြစ်ရပ်အတွင်း အမျိုးသမီး တယောက် သေဆုံးပြီး ဖောက်ခွဲရေးပစ္စည်းတွေလို့ သံသယရှိတဲ့ ပစ္စည်း ၂ ခုကို ဖြုတ်သိမ်းခဲ့ရတယ်လို့ FBI ပြည်ထောင်စု ထောက်လှမ်းရေး ဗျူရိုက ပြောပါတယ်။ 
2 months Ago
Up