အမေရိကန်သမ္မတရွေးကောက်ပွဲ

November 5, 2020

အမေရိကန်သမ္မတရွေးကောက်ပွဲမဲရလဒ် အဖြေမထွက်သေး၊ ယနေ့နံနက်အထိ ဂျိုးဘိုင်ဒင် အသာရနေ

အမေရိကန်သမ္မတရွေးကောက်ပွဲလက်ရှိ  မဲရလဒ်တွေအရ မြန်မာစံတော်ချိန် မနက် ၁၁ နာရီခွဲ လောက်အထိ  ဒီမိုကရက်သမ္မတလောင်း ဂျိုးဘိုင်ဒင်က ၂၆၄ မဲ ရထားပြီး  လက်ရှိ သမ္မတထရမ့်ကတော့ ၂၁၄ မဲ ရထားတယ်လို့ အေပီသတင်းမှာ ဖော်ပြပါတယ်။ သမ္မတလောင်းတစ်ယောက်ဟာ သမ္မတဖြစ်ဖို့အတွက် သမ္မတရွေးချယ်ရေး ကိုယ်စားလှယ်မဲ ၂၇၀ ရရှိဖို့လိုအပ်တာဖြစ်ပြီး လက်ရှိ အချိန်အထိ အဓိကကျတဲ့ ပြည်နယ် ၆ ခုမှာ မဲရလဒ်တွေက အကြိတ်အနယ် ဖြစ်နေဆဲပါ။ အကြိတ်အနယ် ပြည်နယ် တစ်ခုဖြစ်တဲ့ ပင်ဆာဗေးနီးယားကတော့ ဒီနေ့မှာ နောက်ဆုံး မဲ အရေအတွက် ရနိုင်မှာ မဟုတ်ဘူးလို့ ကြိုတင်သတိပေးထားပါတယ်။  သမ္မတ ထရမ့်ကတော့ မဲရေတွက်တာတချို့ကို ရပ်ဖို့ ပြောဆိုပြီး ရွေးကောက်ပွဲ အောင်ပွဲကို  ပြောဆိုဖို့ ကြိုးပမ်းခဲ့ပါတယ်။  ပြိုင်ဘက် ဒီမိုကရက်သမ္မတလောင်း ဘိုင်ဒင်ကတော့ မဲတွေ ဆက်ရေတွက်နေချိန်မှာ စိတ်ရှည်ရှည်ထားကြဖို့  တိုက်တွန်းထားပြီး အနိုင်ရဖို့ လမ်းကြောင်းပေါ်ရောက်နေပြီလို့လည်း ပြောပါတယ်။  နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲဟာ အမေရိကန် ဆီးနိတ် အထက်လွှတ်တော်နဲ့  အောက်လွှတ်တော်တို့ရဲ့  မဲရလဒ်ကိုလည်း ဖော်ပြပါတယ်။  လက်ရှိ မဲရလဒ်အရဆီးနိတ်အထက်လွှတ်တော်မှာ   ရီပတ်ဘလီကန်တွေက အမတ်နေရာ ၄၈  နဲ့ ဒီမိုကရက်တွေက ၄၇ နေရာနဲ့ ကွာခြားချက် ကျဉ်းမြောင်းနေပါတယ်။  အောက်လွှတ်တော်မှာတော့ ဒီမိုကရက်တွေက  ၂၂၆ နေရာ ၊ ရီပတ်ဘလီကန်တွေက ၂၀၈ နေရာ ရထားတယ်လို့ CNN သတင်းအရ သိရပါတယ်။ 
2 years Ago

October 25, 2020

“ထရမ့်ဆိုတဲ့ လူကို မဲပေးခဲ့တယ်” - သမ္မတထရမ့်

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ "ထရမ့်ဆိုတဲ့လူကို မဲပေးခဲ့တယ်"လို့ ကြိုတင်မဲ ပေးပြီးနောက် သမ္မတ ဒေါ်နယ် ထရမ့်က ပြောခဲ့ပါတယ်။  အမေရိကန်သမ္မတရွေးကောက်ပွဲရက်ဟာ နိုဝင်ဘာ ၃ ရက် ဖြစ်ပေမဲ့  အောက်တိုဘာ ၂၄ ရက်မှာ   သမ္မတ ထရမ့်ကိုယ်တိုင် ဖလော်ရီဒါမှာ ကြိုတင်မဲ ထည့်ခဲ့တာပါ။  သမ္မတ ထရမ့်ဟာ သူရဲ့အမြဲတမ်းနေရပ် လိပ်စာနဲ့ မဲဆန္ဒရှင်မှတ်ပုံတင်ကို နယူးယောက်ကနေ ဖလော်ရီဒါကို ပြောင်းခဲ့ပြီးနောက်မှာ  သူရဲ့ မာရာလာဂိုအပန်းဖြေအိမ်အနီး West Palm Beach က ကြိုတင်မဲပေးခဲ့တာပါ။  ဖလော်ရီဒါဟာ သူရဲ့ ဒုတိယသက်တမ်းအတွက် မဖြစ်မနေ အနိုင်ယူရမယ့် မဲဆန္ဒနယ်မြေ ဖြစ်ပါတယ်။  အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲ မတိုင်မီ  ၁၀ ရက်အလိုမှာ   ကြိုတင်မဲပေးသူပေါင်းက  ၅၃သန်းကျော် နဲ့ စဲချိန်တင်ခဲ့ပါတယ်။  ကြိုတင်မဲပေးတာဟာ သမ္မတထရမ့်နဲ့ ဒီမိုကရက်သမ္မတလောင်း ဘိုင်ဒင်တို့ပြိုင်ပွဲအပေါ် စိတ်ဝင်စားမှု မြင့်မားတဲ့ လက္ခဏာဖြစ်သလို ရွေးကောက်ပွဲနေ့မှာ လူစုလူဝေးရှောင်လိုတဲ့ သဘောလည်း  ဖြစ်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 
2 years Ago
Up