အမေရိကန်ရွေးကောက်ပွဲ

November 7, 2020

အမေရိကန်ရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒင်က ၂၆၄ မဲဖြင့် ဦးဆောင်နေ 

အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် မဲရုံတွေ ပိတ်ပြီး ၃ ရက်ကြာအထိ မဲတွေကို ရေတွက်လို့ မပြီးသေးပါဘူး။  ဒါပေမဲ့ နိုဝင်ဘာ ၆ ရက်ထိ ရေတွက်ပြီးစီးသမျှထဲမှာ ဒီမိုကရက်သမ္မတလောင်း ဂျိုးဘိုင်ဒင်က ၂၆၄ မဲ၊ ရီပတ်ဗလစ်ကင် သမ္မတ ဒေါ်နယ်ထရမ့်က ၂၁၄ မဲ ရထားပြီး သမ္မတအဖြစ် ရွေးကောက်ခံနိုင်ဖို့ မဲ ၂၇၀ လိုအပ်ပါတယ်။   ပြည်နယ်လေးခုမှာ မဲရေတွက်မှု ၉၉ ရာခိုင်နှုန်း ပြီးစီးနေပါပြီ။  အကြိတ်အနယ် ယှဉ်ပြိုင်နေရတဲ့ ဒီပြည်နယ်တွေထဲမှာ နီဗားဒါးပြည်နယ်က လက်ရှိမှာ မဲ ၈၇ရာခိုင်နှုန်း ရေတွက် ပြီးစီးနေပြီး အရီဇိုးနားမှာ ၉၀ ရာခိုင်နှုန်း ရေတွက်ပြီးစီးနေပါပြီ။  ဘိုင်ဒင်က မဲအသာရနေလို့ ရုပ်သံကွန်ရက်တွေက ဘိုင်ဒင်မဲနိုင်ပြီလို့ ကြေညာနေပေမဲ့ အရာရှိတွေက မဲတွေကို ဆက်ပြီး ရေတွက်နေဆဲပါ။  “ကျနော်တို့ဟာ အရီဇိုးနားပြည်နယ်မှာ ၂၄ နှစ်အတွင်း ပထမဆုံး မဲနိုင်တဲ့ ဒီမိုကရက်တွေ ဖြစ်လာပြီး ဂျော်ဂျီယာပြည်နယ်မှာ ၂၈ နှစ်အတွင်း ပထမဆုံး မဲနိုင်ခဲ့ပြီး နိုင်ငံအလယ်မှာ လွန်ခဲ့တဲ့ လေးနှစ်က ပြိုကျခဲ့တဲ့ အပြာရောင် တံတိုင်းကြီးကို ပြန်တည်ဆောက်ခဲ့ပြီ၊ ပင်ဆယ်လ်ဗေးနီးယား မီချီဂံနဲ့ ဝစ္စကိုဆင် ပြည်နယ်တွေဟာ နိုင်ငံရဲ့အသည်းနှလုံးပဲ” လို့ ဘိုင်ဒင်က ပြောပါတယ်။  အိမ်ဖြူတော် ပွဲတက်မိန့်ခွန်းအတွက် သူနဲ့အတူ မဲဆွယ်ဖက် ကာမာလာဟာရစ်ဟာ ပညာရှင်တွေနဲ့အစည်းအဝေး လုပ်နေပြီလို့လည်း ဘိုင်ဒင်က ပြောပါတယ်။  ဘိုင်ဒင်ဟာ သူ့မဲဆွယ်ဌာနချုပ်ရှိရာ ဒယ်လာဝဲပြည်နယ် ဝီလ်မင်တန်မြို့ကနေ တနိုင်ငံလုံးကို မိန့်ခွန်းပြောဖို့ မျှော်လင့်ထားပြီး သူ့အဖွဲ့ကတော့ သတင်းကွန်ရက်တွေကို စောင့်ကြည့်နေပါတယ်။ အထူးလျှို့ဝှက်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကလည်း ဘိုင်ဒင်ရဲ့ လုံခြုံရေးအတွက် ဒယ်လာဝဲလ်ပြည်နယ်ဆီ တပ်ကူတွေ စေလွှတ်တာဝန်ယူလိုက်ပြီဖြစ်ပြီး သူ့ပတ်ဝန်းကျင်က ဝီလ်မင်တန်မြို့ ကောင်းကင်ပြင်ကို လေယာဉ် မပျံသန်းရဇုန်အဖြစ် သတ်မှတ်လိုက်ပါပြီ။  တကယ်လို့ ဒီစနေ၊ တနင်္ဂနွေမှာ ဒီမိုကရက်ပါတီက မဲနိုင်ကြောင်း ကြေညာနိုင်ခဲ့ပါက အစိုးရ အာဏာလွှဲပြောင်းမှုကို တနင်္လာနေ့မှာ စတင်ဖို့ မျှော်လင့်ထားပါတယ်။  တရားရေး လုပ်ငန်းစဉ်တွေနဲ့ မဲရလဒ်အငြင်းပွားနေတဲ့ တချို့ ပြည်နယ်တွေမှာ မဲပြန် ရေတွက်ခဲ့ရင် သူတို့ မဲနိုင်နိုင်တယ်လို့ သမ္မတ ထရမ့်ရဲ့ အဖွဲ့ကတော့ ပြောကြောင်း ဘီဘီစီ သတင်းဌာနက ပြောပါတယ်။  ဒါပေမဲ့ ဘိုင်ဒင်ကတော့ သူ မဲနိုင်ဖို့ နီးကပ်နေပြီဖြစ်လို့ ထရမ့်အနေနဲ့ တိုက်ခိုက်နေတာတွေ ရပ်လိုက်ရင် ကောင်းမယ်လို့ ပြောခဲ့ကြောင်း သတယ်လီဂရပ်ဖ် သတင်းဌာနက ဖော်ပြပါတယ်။  
1 year Ago

September 11, 2020

အမေရိကန်ရွေးကောက်ပွဲမတိုင်မီ သတင်းမှားများ တင်းကြပ်မည်ဟု ဂူဂယ်နှင့်တွစ်တာ ပြော

လာမယ့်အမေရိကန်သမ္မတ ရွေးကောက်ပွဲမတိုင်ခင်  အွန်လိုင်းသတင်းမှားတွေကို   တင်ကြပ်သွားမယ်လို့  ဂူဂယ်နဲ့တွစ်တာ ဆိုရှယ်မီဒီယာကုမ္ပဏီတွေက ပြောဆိုလိုက်ပါတယ်။   စက်တင်ဘာ ၁၁ ရက်  ဘီဘီစီသတင်းဖော်ပြချက်အရ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ မမှန်ကန်တဲ့ တွစ်တာပို့စ်တွေကို  မမှန်ကန်ကြောင်း တံဆိပ်တပ်ပြီး  ဖယ်ရှားသွားမယ်လို့  တွစ်တာကုမ္ပဏီက ဆိုပါတယ်။  ဒါ့အပြင် ရွေးကောက်ပွဲ အနိုင်ရတယ်ဆိုပြီး စောစောစီးစီး တက်နေတဲ့ သတင်းတွေနဲ့ ပတ်သက်လို့  မဲဆန္ဒရှင်တွေ  အလိမ်မခံရအောင် အလိုလို ဖြည့်ပေးတဲ့ မဲရလဒ်တွေကို  စိစစ် သွားမယ်လို့လည်း  ဂူဂယ်ကုမ္ပဏီက ပြောခဲ့ပါတယ်။  ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်လို့  ဂူဂယ်မှာ  ရှာဖွေရင်  မမှန်ကန်တဲ့သတင်းတွေ ပေါ်လာ မှာ မဟုတ်ဘူးလို့လည်း ကုမ္ပဏီက စက်တင်ဘာ ၁၀ ရက်မှာ ပြောဆိုပါတယ်။  စိုးရိမ်စရာတခုကတော့ ကိုဗစ်-၁၉ ကြောင့် စာတိုက်ကနေ ကျယ်ကျယ်ပြန့်ပြန့် မဲထည့်ကြမှာဖြစ်တာကြောင့် မဲရေတွက်ရာမှာ တော်တော်ကြန့်ကြာနိုင်ပါတယ်။   ဒီလိုစာတိုက်ကနေ မဲထည့်တာက သတင်းမှားတွေ ပေါ်ပေါက်စေမှာကို  ကျွမ်းကျင်သူတွေ က စိုးရိမ်နေတယ်လို့  ဘီဘီစီသတင်းက ဖော်ပြပါတယ်။  
1 year Ago

နိုင်ငံ ၃ ခုမှဟက်ကာများ အမေရိကန်ရွေးကောက်ပွဲကို ထောက်လှမ်းရန်ကြိုးပမ်းဟု မိုက်ခရိုဆော့ဖ် ပြော

ရုရှား၊ တရုတ်၊ အီရန်တို့နဲ့ အဆက်အသွယ်ရှိတဲ့ ဟက်ကာတွေဟာ ၂၀၂၀ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်တဲ့ လူတွေနဲ့ အဖွဲ့အစည်းတွေကို  ခိုးထောက်လှမ်းဖို့ ကြိုးပမ်းနေ တယ်လို့ မိုက်ခရိုဆော့ဖ်ကုမ္ပဏီက ပြောဆိုလိုက်ပါတယ်။  အဲဒီလို ခိုးထောက်လှမ်းရာမှာ ၂၀၁၆ ဒီမိုကရက်မဲဆွယ်ပွဲကို ခိုးဝင်ထောက်လှမ်းခဲ့တဲ့  ရုရှား ဟက်ကာတွေ ပြန်ပါလာတယ်လို့ မိုက်ခရိုဆော့ဖ်က ပြောပါတယ်။   နိုင်ငံခြားတက်ကြွလှုပ်ရှားအဖွဲ့တွေက အမေရိကန်ရွေးကောက်ပွဲကို ပစ်မှတ်ထားဖို့ ကြိုးပမ်းနေတာ ထင်ရှားတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။   သမ္မတ ထရမ့်နဲ့ ဒီမိုကရက်  ဂျိုးဘိုင်ဒင် နှစ်ယောက်စလုံးရဲ့ မဲဆွယ်ပွဲတွေကို  ဟက်ကာတွေ ခိုးထောက်လှမ်းနေတာပါ။   စထရွန်တီယမ်အဖွဲ့က ရုရှားဟက်ကာတွေဟာ အမေရိကန် နိုင်ငံရေးပါတီတွေနဲ့  ဆက်နွယ်တဲ့ အဖွဲ့အစည်း ၂၀၀ ကျော်ကို ပစ်မှတ်ထားနေတယ်လို့ မိုက်ခရိုဆော့ဖ်က သတင်းထုတ်ပြန်ပါတယ်။   အဲဒီ ဟက်ကာတွေကပဲ ဗြိတိန်နိုင်ငံရေးပါတီတွေကိုလည်း ပစ်မှတ်ထားခဲ့ပြီး ဘယ်ပါတီ လည်း ဆိုတာကိုတော့ မိုက်ခရိုဆော့ဖ်က မပြောခဲ့ပါဘူး။  စထရွန်တီယမ်အဖွဲ့ဟာ ရုရှားစစ်ထောက်လှမ်းရေးနဲ့ ပေါင်းစည်းထားတယ်လို့ ဆိုတဲ့ ဖန်စီဘဲ (Fancy Bear) ဆိုက်ဘာတိုက်ခိုက်ရေးအဖြစ် ထင်ရှားပါတယ်။  ဒါ့အပြင် တရုတ်ဟက်ကာတွေက ဒီမိုကရက် ဂျိုးဘိုင်ဒင်မဲဆွယ်ပွဲနဲ့ အဆက်အသွယ်ရှိတဲ့ လူပုဂ္ဂိုလ်တွေကို ပစ်မှတ်ထားသလို အီရန်ဟက်ကာတွေကလည်း ထရမ့်မဲဆွယ်ပွဲနဲ့ ပတ်သက်သူ တွေကို ပစ်မှတ်ထား ဆက်ကြိုးပမ်းနေတယ်လို့ စက်တင်ဘာ ၁၁ ရက် ဘီဘီစီသတင်းမှာ  ဖော်ပြပါတယ်။
1 year Ago
Up