အမေရိကန်ရေငုပ်သင်္ဘော

October 8, 2021

တောင်တရုတ်ပင်လယ်တွင်း အမေရိကန်ရေငုပ်သင်္ဘော အရာဝတ္ထုတစ်ခုကို တိုက်မိ

အမေရိကန်ရဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်းဟာ တောင်တရုတ်ပင်လယ်မှာ အမည်မသိအရာ ဝတ္ထုတစ်ခုကို တိုက်မိခဲ့ပြီး သင်္ဘောသား ၁၁ ဦး အသေးစားဒဏ်ရာတွေ ရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

USS Connecticut ရေငုပ်သင်္ဘောဟာ အောက်တိုဘာ ၂ ရက်က အဖြစ်အပျက်အပြီးမှာ လုံခြုံပြီး တည်ငြိမ်တဲ့အခြေအနေမှာရှိတယ်လို့ US Pacific Fleet ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

နျူကလီးယားစွမ်းအင်သုံး Seawolf အမျိုးအစား တိုက်ခိုက်ရေးရေငုပ်သင်္ဘောဟာ ရေယာဉ်ရဲ့တွန်းကန်မှုစနစ်ကို မထိခိုက်ဘဲ အပြည့်အ၀ လည်ပတ်နေတယ်လို့ ပြောခဲ့ပါတယ်။

ရေငုပ်သင်္ဘောဟာ ဘယ်အရာနဲ့တိုက်မိတယ် ဆိုတာ ရှင်းရှင်းလင်းလင်း မပြောနိုင်ပေမဲ့ တခြားရေငုပ်သင်္ဘောတစီးနဲ့ တိုက်မိတာတော့မဟုတ်ဘူးလို့  ရေတပ်အရာရှိ နှစ်ဦးက အေပီ သတင်းဌာနကို ပြောပါတယ်။ 

အဲဒါက နစ်မြုပ်ပျက်စီးနေတဲ့ သင်္ဘော၊ ကွန်တိန်နာ (သို့) သတိမပြုမိတဲ့ တခြားပစ္စည်းတခုခု ဖြစ်နိုင်တယ်လို့လည်း တယောက်က ပြောပါတယ်။ 

ရေငုပ်သင်္ဘောဟာ အင်ဒို-ပစိဖိတ်ဒေသရှိ နိုင်ငံတကာရေပိုင်နက်မှာ ငုပ်လျှိုးနေချိန်မှာ ဖြစ်ပွားခဲ့တယ်လို့ဆိုပေမဲ့ တိုက်မိတဲ့နေရာအတိအကျကို Pacific Fleet ရဲ့ တရားဝင် ထုတ်ပြန်ချက်မှာ မဖော်ပြထားပါဘူး။

သင်္ဘောသားတွေရဲ့ဘေးကင်းလုံခြုံရေးဟာ ရေတပ်ရဲ့ထိပ်တန်းဦးစားပေးဖြစ်ပြီး အသက်အန္တရာယ် ထိခိုက်မှု မရှိဘူးလို့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရေငုပ်သင်္ဘောရဲ့ကျန်ရှိတဲ့ ပျက်စီးဆုံးရှုံးမှုအတိုင်းအတာကို အကဲဖြတ်နေပြီး အမေရိကန်ရေတပ်ဟာ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။

1 week Ago
Up