အမေရိကန်ပြည်သူ

January 11, 2021

ဒီမိုကရေစီတန်ဖိုးများကို ကာကွယ်ရန် အမေရိကန်ပြည်သူများကို ပုပ်ရဟန်းမင်းကြီး သတိပေး

အမေရိကန်ပြည်သူတွေ အကြမ်းဖက်မှုကို ရှောင်ရှားဖို့၊ ပြန်လည်ရင်ကြားစေ့ကြဖို့နဲ့ အမေရိကန် လူ့အဖွဲ့အစည်းထဲမှာ အမြစ်တွယ်နေတဲ့ ဒီမိုကရက်တစ် တန်ဖိုးတွေကို ကာကွယ်ကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဇန်နဝါရီ ၁၀ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူတွေက အမေရိကန် အောက်လွှတ်တော်ကို  စီးနင်းတိုက်ခိုက်ခဲ့လို့ လူ ၅ ယောက် သေဆုံးအပြီး ခုလို ပြောလိုက်တာပါ။  “အကြမ်းဖက်မှုဆိုတာ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတာပဲဆိုတာ ကျနော် အမြဲတမ်း ထပ်ခါတလဲ ပြောပါတယ်။ အကြမ်းဖက်လို့ ဘာမှမရဘူး အများကြီးဆုံးရှုံးတယ်”လို့ ပုပ်ရဟန်းမင်းကြီးက မနေ့က မိန့်ခွန်းမှာ ပြောပါတယ်။ လွှတ်တော်ကို စီးနင်းချိန်မှာ သေဆုံးသူတွေအတွက်လည်း ဆုတောင်းပေးနေခဲ့ပြီး ဘုံကောင်းကျိုးကို အတူတည်ဆောက်တဲ့ နည်းလမ်းကို ကျွမ်းကျင်ပိုင်နိုင်ဖို့  ဂရုစိုက်တဲ့ ယဉ်ကျေးမှု၊  ဆုံဆည်းတဲ့ ယဉ်ကျေးမှုတွေ အသက်ဆက်နိုင်ဖို့ မယ်တော်မာရီကလည်း အမေရိကန် ပြည်သူအားလုံးကို ကူညီလိမ့်မယ်လို့ ပုပ်ရဟန်း မင်းကြီးက မိန့်ပါတယ်။  ဇန်နဝါရီ ၆ ရက်က အောက်လွှတ်တော်ကို ဝင်စီးတဲ့ ဖြစ်ရပ်အပြီး ဒါဇင်နဲ့ချီတဲ့လူတွေ တရားစွဲ ခံရပါတယ်။  ပါဝင်သူတွေ ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်ဖို့ ပြည်ထောင်စု ထောက်လှမ်းရေးဗျူရို FBI က လူထုကို အကူအညီ တောင်းခဲ့ပါတယ်။  
3 months Ago

December 5, 2020

ကိုဗစ်ကာကွယ်ဆေးကို အမေရိကန်ပြည်သူများ မဖြစ်မနေ ထိုးနှံရမည်မဟုတ်ဟု ရွေးကောက်ခံ သမ္မတပြော

အမေရိကန်ပြည်သူတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးရလာတဲ့အခါ  မဖြစ်မနေ ထိုးနှံရမှာမဟုတ်ဘူးလို့  ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က ဒီဇင်ဘာလ ၄ ရက်မှာ ပြောဆိုခဲ့ပါတယ်။  အမေရိကန်ပြည်သူတွေအနေနဲ့ နေအိမ်မဟုတ်တဲ့  အလုံပိတ် အဆောက်အဦထဲ ရှိချိန်မှာ အားလုံးနှာခေါင်းစည်းတပ်ဖို့  ရောဂါထိန်းချုပ်ရေးစင်တာ (CDC) က ပထမဆုံးတိုက်တွန်းချိန်မှာပဲ ဘိုင်ဒင်က ပြောဆိုလိုက်တာပါ။  အမေရိကန်ရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်အခြေအနေဟာ အမြင့်ပိုင်းအဆင့်တခုကို ရောက်လာတယ်လို့ CDC က ပြောဆိုပါတယ်။  ဒီဇင်ဘာ ၄ ရက် တရက်တည်းမှာပဲ အသစ်ကူးစက်သူ ၂၂၅,၀၀၀ နီးပါးနဲ့ သေဆုံးသူ ၂,၅၀၀- ကျော် ရှိပါတယ်။  အခုဆိုရင် အမေရိကန်မှာ ကူးစက်သူပေါင်းက ၁၄ ဒသမ ၃ သန်းနဲ့ သေဆုံးသူပေါင်း ၂၇၈,၀၀၀ ကျော် ရှိနေပါတယ်။  ဇန်နဝါရီ ၂၀ ရက်မှာ သမ္မတရာထူးလက်ခံမယ့် ဘိုင်ဒင်က ကိုရိုနာဗိုင်းရစ်ကူးစက်မှုကို စိုးရိမ်တဲ့အတွက် ရာထူးလက်ခံပွဲကို လူအများအပြားနဲ့ ကျင်းပမှာ မဟုတ်ဘဲ အကျဉ်းချုံးကျင်းပသွားဖို့ မျှော်လင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။
4 months Ago
Up