အမေရိကန်ပြင်ဆင်

March 25, 2021

စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုကြီး ၂ ခုကို ပိတ်ဆို့ဒဏ်ခတ်ရန် အမေရိကန်ပြင်ဆင်

မြန်မာနိုင်ငံတွင်း စစ်တပ်အာဏာသိမ်းမှုနဲ့ လူသေတဲ့အထိ နှိမ်နင်းမှုတွေကို တုံ့ပြန်တဲ့ အနေနဲ့  မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့ လုပ်ငန်းစုံ စီးပွားရေးလုပ်ငန်းစုကြီး ၂ ခု အပေါ် ပိတ်ဆို့ ဒဏ်ခတ်ဖို့ အမေရိကန်က ပြင်ဆင်နေတယ်လို့ ရိုက်တာ သတင်းဌာနမှာ ဖော်ပြပါတယ်။

မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ (MEHL) နဲ့ မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (MEC)တို့ကို  အမေရိကန်ဘဏ္ဍာရေးဌာနက နာမည်ပျက် စာရင်းသွင်းပြီး အမေရိကန် နိုင်ငံထဲက သူတို့ ထိန်းချုပ်ထားတဲ့ ပိုင်ဆိုင်မှုတွေကို  မတ်လ ၂၅ ရက် ဒီနေ့ အစောဆုံးထားပြီး ကန့်သတ်ထိန်းသိမ်း အရေး ယူနိုင်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

မြန်မာပြည်မှာ စစ်အာဏာသိမ်းမှုကြောင့် ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်ခဲ့ပြီး  စစ်တပ်က အကြမ်းဖက် နှိမ်နင်းလို့ လူ ၂၇၅ ဦးထက် မနည်း သေဆုံးခဲ့ ပြီးပါပြီ။ 

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ဖေဖော်ဝါရီ ၁၁ရက်မှာ အထူးအမိန့် ထုတ်ပြန်ပြီး မြန်မာစစ်တပ်နဲ့ အကျိုးစီးပွားကို ဒဏ်ခတ်မှု အသစ်တွေ ချမှတ်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီက အာဏာသိမ်းအပြီး ထုတ်ယူဖို့ ကြိုးစားခဲ့တဲ့ အမေရိကန်နိုင်ငံ နယူးယောက်မှာ ထိန်းသိမ်းထားတဲ့ မြန်မာ့နိုင်ငံတော်ဗဟိုဘဏ်ရဲ့ အရန် ရန်ပုံငွေ အမေရိကန် ဒေါ်လာ တစ်ဘီလီယံကိုလည်း  အမေရိကန် သမ္မတရဲ့ အမိန့်အရ ထိန်းချုပ်ထားခဲ့ပါတယ်။

8 months Ago
Up