အီရန်နိုင်ငံမှာ သူလျှိုမှုစွဲချက်နဲ့ ၇ နှစ်ကျော် အကျဉ်းချခံထားရတဲ့ အီရန်-အမေရိကန် နိုင်ငံသား ဆီယာမက်နမာဇီက သမ္မတ ဂျိုးဘိုင်ဒင် ဆီကိုပို့လာတဲ့ စာတစောင် လက်ခံရရှိခဲ့ကြောင်း အိမ်ဖြူတော်က ဇန်နဝါရီ ၁၇ ရက်မှာ ပြောကြားလိုက်ပြီး အီရန်ရဲ့ နိုင်ငံရေးလွှမ်းမိုးမှုအဖြစ် ဖမ်းဆီးချုပ်နှောင်မှုကို အသုံးချနေတာဟာ လက်မခံနိုင်စရာလို့လည်း ပြောပါတယ်။
အမေရိကန်အစိုးရဟာ သူ့လွတ်မြောက်မှုနဲ့ အီရန်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံသားတွေအတွက် လွတ်လပ်မှုရစေဖို့ ဆက်လုပ်ဆောင်နေပြီလို့ အိမ်ဖြူတော် သတင်းပြန်ကြားရေးအရာရှိက သတင်းထောက်တွေကို ပြောပါတယ်။
ဆီယာမက်နမာဇီဟာ သူလျှိုလုပ်မှုစွဲချက်နဲ့ အီရန်မှာ ၇ နှစ်ကျော် အကျဉ်းချခံခဲ့ရတာဖြစ်ပြီး အမေရိကန်အစိုးရက ဒီစွဲချက်ဟာ အခြေအမြစ်မရှိကြောင်း ပယ်ချထားတာပါ။
တနင်္လာနေ့က ဆီယာမက်နမာဇီဟာ သူ့ကို တိုင်းပြည်ပြန်ခေါ်ဖို့ သမ္မတ ဂျိုးဘိုင်ဒင်ကို အသနားခံစာ ပေးပို့ခဲ့ပြီး ၇ ရက်ကြာ အစာငတ်ခံဆန္ဒပြမှု စတင်နေပြီလို့ ပြောပါတယ်။
ဒါ့အပြင် ဗြိတိန်နိုင်ငံသား အသက် ၆၇ နှစ်အရွယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် မိုရဒ် ထာဘက်ဇ်နဲ့ အသက် ၅၈ နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင် အီမဒ် ရှာဂီတို့ အပါအဝင် အီရန်မှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ ဒုက္ခဆင်းရဲ အခက်အခဲကို တရက်မှာ တမိနစ်အချိန်ပေး စဉ်းစားပေးဖို့ စာထဲမှာ နမာဇီက ဘိုင်ဒင်ကို တောင်းဆိုထားပါတယ်။
သူလျှိုလုပ်မှုနဲ့ဆက်နွှယ်တဲ့ စွဲချက်တွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နမာဇီရဲ့ဖခင်ဖြစ်သူကို အောက်တိုဘာလတုန်းက ဆေးကုသမှုခံယူဖို့ အီရန်နိုင်ငံကနေ ထွက်ခွာခွင့်ပြုခဲ့ပါတယ်။ အဲဒီစွဲချက်တွေကိုလည်း ဝါရှင်တန်က ပယ်ချထားပါတယ်။
ယူကရိန်းစစ်ပွဲ အချိန်ခြောက်လကြာလာချိန် ရုရှားက လာမယ့်ရက်နည်းငယ်အတွင်း မြို့တော်ကိယက်ဗ်ကို တိုက်ခိုက်မှုတွေ ထပ်လုပ်လာနိုင်တဲ့အတွက် ယူကရိန်းနိုင်ငံကနေ ထွက်ခွာဖို့ အမေရိကန်အစိုးရက သူ့နိုင်ငံသားတွေကို သြဂုတ်၂၃ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
ယူကရိန်းအစိုးရဟာ ဩဂုတ် ၂၄ ရက်နေ့မှာ ဆိုဗီယက်လက်အောက်ကနေ လွတ်လပ်ရေးရခဲ့တဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားတွေကို တားမြစ် ပိတ်ပင်ခဲ့ပြီးတဲ့နောက် အမေရိကန်အစိုးရက ခုလို သတိပေးထုတ်ပြန်လိုက်တာပါ။
ရုရှားရဲ့ တိုက်ခိုက်နိုင်ခြေ မြင့်တက်လာမှာကို စိုးရိမ်လို့ မြို့တော် ကိယက်ဗ်မှာရှိတဲ့ အမေရိကန်သံရုံးကနေ တတ်နိုင်ရင် ထွက်ခွာကြဖို့ကိုလည်း အမေရိကန်နိုင်ငံသားတွေကို တိုက်တွန်းထားပါတယ်။
“ယူကရိန်းရဲ့ အရပ်သားအခြေခံအဆောက်အအုံနဲ့ အစိုးရအဆောက်အအုံတွေကို လာမယ့်ရက်ပိုင်းအတွင်းတိုက်ခိုက်ဖို့ ရုရှားက အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ သတင်းရထားတယ်” လို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံသားတွေအနေနဲ့ အန္တရာယ်ကင်းရှင်းတယ်ဆိုရင် ကိုယ်ပိုင်နည်းလမ်းနဲ့ ယူကရိန်းကနေ အခုထွက်ခွာသင့်တယ်လို့လည်းဆိုပါတယ်။
ရုရှားမြို့တော် မော်စကိုမြို့နားမှာ စနေနေ့က ကားဗုံးခွဲတိုက်ခိုက်မှုအတွင်း ထင်ရှားတဲ့ ရုရှားအမျိုးသားရေးဝါဒီတစ်ဦးရဲ့ သမီး ဒါရီယာဒူဂျီနာ သတ်ဖြတ်ခံရအပြီးမှာ ခုလိုတိုက်တွန်းတာပါ။
ရုရှားအစိုးရက ယူကရိန်းသူလျှိုတွေ သတ်တာလို့ အပြစ်တင်ခဲ့ပြီး စွပ်စွဲချက်တွေကို ယူကရိန်းအစိုးရက ငြင်းဆိုထားပါတယ်။