အမေရိကန်တပ်များ

January 7, 2020

အီရတ်မှ အမေရိကန်တပ်များ ပြန်ခေါ်မည်မဟုတ်ဟု ကာကွယ်ရေးဝန်ကြီးပြော

အမေရိကန်ဟာ အီရတ်ကနေ သူ့တပ်တွေကို ပြန်ခေါ်ဖို့ အစီအစဉ် မရှိဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး မာ့ခ်အဲ့စ်ပါက ဇန်နဝါရီ ၆ ရက်မှာ ပြောပါတယ်။ အမေရိကန် စစ်တပ်က အီရတ်ကနေ ထွက်ဖို့ ပြင်ဆင်တဲ့အနေနဲ့ တပ်တွေကို နေရာပြန်ချမယ့်ကိစ္စကို အီရတ်အရာရှိတွေဆီ အကြောင်းကြားဖို့ ပြင်ဆင်ထားတဲ့ စာတစောင် ပေါက်ကြားခဲ့တယ်လို့ နိုင်ငံတကာ မီဒီယာတွေက အစီရင်ခံအပြီးမှာ ခုလို ပြောလိုက်တာပါ။ အီရတ်နိုင်ငံထဲကနေ နိုင်ငံခြားတပ်အားလုံး ထွက်သွားရေး ဆော်သြဖို့ ဆုံးဖြတ်ချက်ကို အီရတ်လွှတ်တော်က မဲပေးအတည်ပြုချိန်မှာ အီရန်ကလည်း အမေရိကန်တပ်တွေ ဒေသတွင်းကနေ ထွက်သွားဖို့ တောင်းဆိုအပြီးမှာ အကြောင်းကြားစာကိစ္စ ပေါ်ထွက်လာတာပါ။ အီရတ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက်ချထားတာ မရှိဘူး၊ ထွက်ဖို့ ပြင်ဆင်ရေး ထုတ်ပြန်ထားတဲ့ အစီအစဉ်တောင်မှ မရှိဘူးလို့ အဲ့စ်ပါက သတင်းထောက်တွေကို ပင်တဂွန် စစ်ဌာနချုပ်မှာ ပြောပါတယ်။ “အဲဒီစာက ဘာလဲ ဆိုတာ မသိဘူး ဘယ်ကနေ ထွက်လာလဲ ဆိုတာ ကျနော်တို့ သိဖို့ ကြိုးစားနေတယ်” လို့ အဲ့စ်ပါက ပြောပါတယ်။  ဒီစာကြောင့် အီရတ်က အမေရိကန် စစ်တပ်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ရှုပ်ထွေးခဲ့တာပါ။  အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေဟာ နေရာရွှေ့ပြောင်းဖို့ ရဟတ်ယာဉ်တွေကို သုံးမယ်လို့ စာထဲမှာ ဖော်ပြထားပါတယ်။ တနင်္လာညက အီရတ်မြို့တော် ဘဂ္ဂဒက်မှာ ရဟတ်ယာဉ်တွေ ပျံနေတဲ့ အသံတွေကိုလည်း လူတော်တော်များများ ကြားခဲ့ကြပါတယ်။ ဒါပေမဲ့ ရဟတ်ယာဉ် ပျံတဲ့အသံတွေဟာ တပ်တွေ ပြောင်းတာနဲ့ ပတ်သက်မှု ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အီရတ်နိုင်ငံထဲမှာ အမေရိကန် စစ်သည် အယောက် ၅၀၀၀‌ လောက် ရှိနေပါတယ်။
1 year Ago

November 4, 2019

ဆီးရီးယားတွင် အမေရိကန်တပ်များ ကင်းလှည့် 

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာ အမေရိကန်တပ်တွေ သံချပ်ကာ ကားတွေနဲ့အတူ ကင်းလှည့် နေပုံကို Arab 24 ရုပ်သံက နိုဝင်ဘာ ၃ ရက်မှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံထဲက အာရ်မီလန်ရေနံတွင်းတွေနားမှာ ကာဒစ်ရှ်ပြည်သူ့ကာကွယ်ရေးတပ် (YPG) အဖွဲ့ဝင်တွေနဲ့အတူ အမေရိကန်စစ်သည်တွေက အမေရိကန် အလံလွှင့်ကားတွေနဲ့ ကင်းလှည့်နေတာပါ။ ရေနံမြေတွေကို အိုင်အက်စ် စစ်သွေးကြွအုပ်စု အကြွင်းအကျန်တွေနဲ့ တခြားလူတွေရဲ့ ထိန်းချုပ်မဲ့ဘေးကနေ ကာကွယ်ဖို့ ယန္တရားတပ်တွေ အပါအဝင် တပ်ကူတွေနဲ့အတူ ဆီးရီးယားနိုင်ငံထဲမှာ ခြေကုပ်ယူ အားဖြည့်နေတယ်လို့ အမေရိကန်စစ်တပ်က ပြီးခဲ့တဲ့အပတ်က ပြောပါတယ်။  ဆီးရီးယားအရှေ့မြောက်ပိုင်းက အမေရိကန်တပ်တွေကို ပြန်ခေါ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အောက်တိုဘာ ၆ ရက်မှာ ဆုံးဖြတ်ပြီး ရက်ပိုင်းအတွင်းမှာ တူရကီနဲ့ မဟာမိတ် ဆီးရီးယား သူပုန်တွေဟာ ဆီးရီးယားနယ်စပ်ကို ဖြတ်ကျော် ထိုးစစ်ဆင်ပြီး တဲလ်အဘ်ယဒ်မြို့ကို ထိန်းချုပ်ခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို တူရကီအစိုးရနဲ့ အမေရိကန်တို့က စတင် လက်မှတ်ထိုးပြီး လတ်တလော သီတင်းပတ်တွေမှာ ရုရှားအစိုးရကလည်း တိုက်ပွဲတွေ ရပ်ထားပါတယ်။
1 year Ago
More News
Up