အမေရိကန်စစ်သင်္ဘော

October 12, 2020

အမေရိကန်စစ်သင်္ဘောများ ရေပိုင်နက်ကျူးကျော် ဝင်ရောက်မှု ရပ်ဆိုင်းရန် တရုတ်သတိပေး

ရှီးရှကျွန်းတွေနားက တရုတ်ရေပိုင်နက်ထဲကို အမေရိကန်စစ်သင်္ဘော ဖြတ်ကျော်ခုတ်မောင်းအပြီးမှာ စစ်ရေးကျူးကျော်မှုတွေကို ရပ်ဆိုင်းဖို့ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်တောင်ပိုင်းစစ်တိုင်းက အမေရိကန်ကို အောက်တိုဘာ ၉ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။ ပဲ့ထိန်းဒုံးကျည်တွေကို ပစ်လွှတ်နိုင်တဲ့ USS ဂျွန်မက်ကိန်း ဖျက်သင်္ဘောဟာ ခွင့်ပြုချက် မရဘဲ တရုတ်ရေပိုင်နက်ထဲ ဝင်ရောက်ခဲ့တယ်လို့ တောင်ပိုင်းစစ်တိုင်းရဲ့ စစ်ဦးစီးမှူး ကျန်းနန်တုံက ဆိုပါတယ်။ ကျူးကျော်လာတဲ့ အမေရိကန်စစ်သင်္ဘောကို ခြေရာကောက်၊ ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်ပြီး ထွက်သွားဖို့ သတိပေးရေး တရုတ်ရေတပ်နဲ့ လေတပ်က တပ်ဖွဲ့တွေကို အမြန် တာဝန်ချခဲ့တယ်လို့လည်း သူက ပြောပါတယ်။ တရုတ်ရေပိုင်နက်ထဲကို အမေရိကန်စစ်သင်္ဘောတွေ ထပ်ခါတလဲ ကျူးကျော် ခုတ်မောင်းတာဟာ တရုတ်အချုပ်အခြာနဲ့ လုံခြုံရေးအကျိုးစီးပွားကို ချိုးဖောက်နေတယ်၊ ဒေသတွင်း တည်ငြိမ်ရေးကို ဆိုးဆိုးရွားရွား ဖျက်ဆီးနေတယ်လို့ ကျန်းက ပြောပါတယ်။ သြဂုတ်လနှောင်းပိုင်းကလည်း အမေရိကန် ပဲ့ထိန်းဒုံးကျည်တင် ဖျက်သင်္ဘော USS မတ်စ်တင်ဟာ ဒီဒေသထဲမှာတင်ပဲ တရုတ်ရေပိုင်နက်ကို ကျူးကျော် ဖြတ်သန်းခဲ့တယ်လို့ စီစီတီဗွီသတင်းဌာနက ပြောပါတယ်။ တရုတ်ဟာ တောင်တရုတ်ပင်လယ်ထဲက ကျွန်းတွေနဲ့ အနားကဒေသတွင်း ရေပိုင်နက်တွေ အပေါ် အငြင်းမပွားနိုင်လောက်တဲ့ အချုပ်အခြာ ရှိတယ်။ တပ်စခန်းဌာနချုပ်တွေအောက်က တပ်တွေဟာ တောင်တရုတ်ပင်လယ်အတွင်း ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးကို စောင့်ရှောက်ဖို့နဲ့ နိုင်ငံတော်အချုပ်အခြာကို ကာကွယ်ဖို့ အမြဲတမ်း မြင့်မြင့်မားမား တပ်လှန့်ထားတယ်လို့ သူက ဆက်ပြောပါတယ်။
1 year Ago

July 13, 2020

ကယ်လီဖိုးနီးယားတွင် အမေရိကန်စစ်သင်္ဘော USS မီးလောင်၊ ၁၁ ဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် စန်တီယာဂို ရေတပ်အခြေစိုက်စခန်းမှာ ကျောက်ချထားတဲ့ စစ်သင်္ဘော USS ဘိုဟင်းမ် ရစ်ချတ်ပေါ် မှာ ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ခဲ့တာကြောင့် သင်္ဘောသား ၁၁ ယောက် ဒဏ်ရာရတယ်လို့ စန်တီယေဂို မီးသတ်ကယ်ဆယ်ရေးဌာနက ဇူလိုင် ၁၂ ရက်မှာ ပြောပါတယ်။ ကုန်း ရေ  ၂ တန်သွား စစ်သင်္ဘောပေါ်က သင်္ဘောသားအားလုံး ဘေးကင်းဖို့နဲ့ အခင်းဖြစ်ရာနေရာကို ရှင်းလင်းဖို့ ပြည်ထောင်စု မီးသတ်တပ်ဖွဲ့နဲ့အတူ တွဲလုပ်နေတယ်လို့ ဒေသခံ မီးသတ်ဌာနက တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ရေးထားပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကို မသိရှိရသေးဘဲ စန်တီယေဂို မီးသတ်ကယ်ဆယ်ရေးဌာနကလည်း မှတ်ချက်တောင်းဆိုမှုကို မတုံ့ပြန်သေးပါဘူး။
1 year Ago
Up