အမေရိကန်စစ်လေယာဉ်

May 22, 2020

အသက်ရှူစက်အလုံး ၅၀ တင်လာသည့် အမေရိကန်စစ်လေယာဉ် ရုရှားသို့ ရောက်

ပထမအသုတ် အသက်ရှုထောက်ကူပြုကိရိယာအလုံး ၅၀  တင်ဆောင်လာတဲ့ အမေရိကန်  လေတပ် စစ်လေယာဉ်ဟာ မေလ ၂၁  ရက်က ရုရှားနိုင်ငံကို ရောက်ရှိလာပါတယ်။  ဒီအသက်ရှူ ထောက်ကူပြုကိရိယာတွေဟာ အမေရိကန်အစိုးရက ရုရှားကို လူသားချင်း စာနာမှု အကူအညီအနေနဲ့ ထောက်ပံ့တဲ့  အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ သန်း တန်ဖိုးရှိတဲ့ စုစုပေါင်းကိရိယာ အလုံး ၂၀၀ ထဲက တစိတ်တပိုင်းဖြစ်ပါတယ်။  ကျန်တဲ့ စက်အလုံးရေ ၁၅၀ ကို ရှေ့သီတင်းပတ်ထဲ ပို့ဆောင်သွားမယ်လို့ ရုရှားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ပြောဆိုပါတယ်။   ကမ္ဘာ့ဒုတိယအများဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနိုင်ငံဖြစ်တဲ့ ရုရှားမှာ မေလ ၂၂ ရက်အထိ ကူးစက်ခံရသူ သုံးသိန်းတစ်သောင်းကျော်ရှိပြီး  သေဆုံးသူကလည်း သုံးထောင်ကျော်နေပါပြီ။     ရုရှားအစိုးရကတော့ လူပေါင်း ၇ ဒသမ ၈ သန်းကျော်ကို  စစ်ဆေးခဲ့တဲ့ စစ်ဆေးရေး အစီအမံကြောင့် ပိုးကူးစက်သူ အများအပြားကို တွေ့ရှိရတယ်လို့ ပြောဆိုပြီး ပိုးတွေ့သူတွေထဲမှာ ရောဂါလက္ခဏာ မပြတဲ့  ရုရှားနိုင်ငံသား အများကြီး ရှိတယ်လို့ ဆိုပါတယ်။   သေဆုံးသူ သုံးထောင်ကျော်ဆိုတာ တခြားဥရောပနိုင်ငံတွေနဲ့ နှိုင်းစာရင် သိပ်နည်းပါး ပေမယ့် ဒါက သေဆုံးသူ ရေတွက်တဲ့နည်းလမ်းနဲ့ပတ်သက်ပြီး  ဆွေးနွေးငြင်းခုံစရာ ပေါ်ပေါက်စေ ပါတယ်။   ပြီးခဲ့တဲ့ လတုန်းကလည်း ရုရှားဟာ လူသားချင်းစာနာမှုအကူအညီအဖြစ် အမေရိကန်နိုင်ငံ ကို ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ ထောက်ပံ့ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
11 months Ago
Up