အမေရိကန်ဂျာနယ်လစ်

November 16, 2021

လူသားချင်းစာနာသည့်အနေဖြင့် အမေရိကန်ဂျာနယ်လစ်ကို ပြန်လွှတ်ပေးခြင်းဖြစ်ဟု စစ်ကောင်စီပြော

လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့် အမေရိကန် ဂျာနယ်လစ် ဒန်နီဖှန်စတာကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးလိုက်တာလို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။ 

အင်းစိန်ထောင်မှာ ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံထားရတဲ့ Frontier Myanmar ရဲ့ အုပ်ချုပ်မှုအယ်ဒီတာ ဒန်နီဖှန်စတာကို ထောင်ဒဏ်ချမှတ်ပြီး ၃ ရက်အကြာ နိုဝင်ဘာ ၁၅ ရက်က စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။

ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဝါတာနာဘေး၊ မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါနဲ့  အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဘီလ်ရစ်ချတ်ဆန်တို့ရဲ့ မေတ္တာရပ်ခံချက်အရ ပြန်လွှတ်ပေးလိုက်တာလို့ စစ်ကောင်စီက ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်သော ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ဒန်နီဖှန်စတာကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးလိုက်တာဖြစ်တယ်လို့လည်းဆိုပါတယ်။

အမေရိကန် ဂျာနယ်လစ် ဖှန်စတာဟာ ဘီလ်ရစ်ချတ်ဆန်နဲ့အတူ မနေ့ညနေက  လေကြောင်းခရီးနဲ့ မြန်မာနိုင်ငံကနေ  ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

ဘီလ်ရစ်ချတ်ဆန်ဟာ မနေ့က နေပြည်တော်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယအကြိမ်တွေ့ဆုံခဲ့ပါတယ်။

ဒီလိုတွေ့ဆုံရာတွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကူညီ ဆောင်ရွက်ပေးမယ့် အခြေအနေ၊ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာဆက်ဆံရေး တိုးတက် ကောင်းမွန်စေရေး ကြိုးပမ်း ဆောင်ရွက်နေတဲ့ အခြေအနေ၊ မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကဏ္ဍတွေ ကူညီဆောင်ရွက်ပေးမယ့် အခြေအနေများကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီ သတင်းမှာဖော်ပြပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ဟောင်းလည်းဖြစ် နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်တဲ့  ဘီလ်ရစ်ချတ်ဆန်ဟာ  နိုဝင်ဘာ ၂ ရက်နေ့ကလည်း လူသားချင်းစာနာမှု အကူအညီပေးရေး ပုဂ္ဂလိကခရီးစဉ်အနေနဲ့ မြန်မာနိုင်ငံကို  ရောက်လာပြီး စစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့ပါတယ်။

မနေ့က ပြန်လွတ်မြောက်လာတဲ့ ဒန်နီဖှန်စတာဟာ ပြည်တွင်းအခြေစိုက် သတင်းဌာနတခုဖြစ်တဲ့ Frontier Myanmar မဂ္ဂဇင်းမှာ မန်နေဂျင်းအယ်ဒီတာ တာဝန်ထမ်းဆောင်နေစဉ်  ပြီးခဲ့တဲ့ မေလတုန်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဒန်နီဖှန်စတာကို အင်းစိန်ထောင်တွင်းတရားရုံးကနေ  နိုဝင်ဘာ ၁၂ ရက်က ရာသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ်၊ မတရားသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) နဲ့ ထောင်ဒဏ် ၃ နှစ်၊  လ၀ကအမှု အတွက် ထောင်ဒဏ်  ၅ နှစ်နဲ့  ဒဏ်ငွေကျပ် ၁ သိန်း၊  စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ်နဲ့ ငွေဒဏ် ကျပ် ၁ သိန်း ချမှတ်ခဲ့တာပါ။

Photo- DSINFO

2 months Ago

September 30, 2021

သတင်းထောက်အလုပ်ထက်ကျော်လုပ်သဖြင့် အမေရိကန်ဂျာနယ်လစ်ကို ဖမ်းဆီးခြင်းဖြစ်ဟု စစ်ကောင်စီပြော

Frontier Myanmar  သတင်းဌာနရဲ့ မန်နေးဂျင်း အယ်ဒီတာ အမေရိကန် ဂျာနယ်လစ် ဒန်နီဖှန်စတာဟာ သတင်းထောက်အလုပ်ထက်ကျော်လွန် လုပ်ထားတာတွေရှိလို့ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်တယ်လို့ အကြမ်းဖက် စစ်ကောင်စီရဲ့ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒီနေ့ နေပြည်တော်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ VOA သတင်းဌာနက မေးမြန်းတာကို ပြန်ဖြေခဲ့တာ ဖြစ်ပါတယ်။

“သတင်းထောက်က သတင်းထောက်အလုပ်လုပ်ပြီး မျှမျှတတလုပ်တယ်ဆိုရင် ဖမ်းဆီးစရာ အကြောင်းမရှိပါဘူး။ သူ့မှာ သတင်းထောက်အလုပ်ထက် ကျော်လွန်ပြီး လုပ်ထားတာတွေ ရှိပါတယ်။ ပုဒ်မတွေလည်း တပ်ထားပါတယ်။ ကျနော်တို့ ထိန်းသိမ်းစရာရှိလို့ ထိန်းသိမ်းထားတာ ပါ” လို့ပြောပါတယ်။

သတင်းထောက်က မေးမြန်းထားပေမဲ့ ဘာတွေ စစ်ဆေးတွေ့ရှိတယ်ဆိုတာနဲ့ ဖှန်စတာကို ဘာပုဒ်မတွေနဲ့ စွဲဆိုထားတယ်ဆိုတာကိုတော့  ဗိုလ်ချုပ်ဇော်မင်းထွန်းက မပြောသွားပါဘူး။

အမေရိကန်နိုင်ငံသား ဒင်နီဖှန်စတာကို မေ ၂၄ ရက်နေ့က ရန်ကုန်ကနေ မလေးရှားကို သွားဖို့ ရန်ကုန်လေဆိပ်ကိုရောက်နေတုန်း ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဒင်နီဖှန်စတာရဲ့ ကျန်းမာရေး ကောင်းမွန်ပြီး အကျဉ်းအချုပ်သားတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးပေမဲ့ ထိုးတာ မထိုးတာကတော့ သူ့ရဲ့ သဘောပဲဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၈ လအတွင်း သတင်းထောက်နဲ့ မီဒီယာအမှုထမ်း  ၁၀၂ ယောက် ဖမ်းဆီးခံရတယ်လို့ Reporting ASEAN က စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ဒီထဲက တချို့ ပြန်လွတ်လာပြီး  ၄၈ ယောက်ကတော့ အကျဉ်းထောင်အသီးသီးမှာ ဆက်လက်ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

4 months Ago
More News
Up