အမေရိကန်နိုင်ငံမှာ လွှတ်တော်အမတ်တဦးဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတာ တွေ့ရှိရတဲ့ ပထမဆုံး ကွန်ဂရက်အမတ် ဖြစ်လာခဲ့ပါတယ်။
ဖလော်ရီဒါပြည်နယ် ရီပတ်ဘလီကန်လွှတ်တော်အမတ်ဖြစ်တဲ့ ဒီယက်ဇ်ဘာလတ် Diaz- Balart က သူ့မှာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိတာကြောင့် မတ်လ ၁၃ ရက်ကစလို့ အိမ်မပြန်တော့ဘဲ ဝါရှင်တန်မှာပဲ ကိုယ့်ဘာသာသီးခြားခွဲနေထိုင်နေတာပါ။
သူဟာ မတ်လ ၁၄ ရက်ကစလို့ အဖျားနဲ့ခေါင်းကိုက်ဝေဒနာ ခံစားခဲ့ရပြီး နောက်ပိုင်း စစ်ဆေး ကြည့်တော့ ကိုရိုနာကူးစက်ခံထားရကြောင်း အတည်ပြုလိုက်နိုင်တာပါ။
အမေရိကန် အောက်လွှတ်တော်နဲ့ ဆီးနိတ်အထက်လွှတ်တော်တို့က အမတ်တော်တော်များ များဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေကစလို့၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ပုဂ္ဂိုလ်တဦးဦးနဲ့ ကိုယ်မသိဘဲ ထိတွေ့မိခြင်းရှိနိုင်တာမို့၊ သီးခြား ခွဲထွက်နေထိုင်နေတာ ကြာနေပါပြီ။
အခု ဒီယက်ဇ်ဘာလတ် Diaz-Balart ကတော့ ၂၀၀၂ မှာ ကွန်ဂရတ်လွှတ်တော်ကို ပထမဆုံး အကြိမ် ရွေးကောက်တင်မြှောက်ခံခဲ့ရသူဖြစ်သလို အခုတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ ပထမဆုံးကြေညာတဲ့ အမေရိကန်လွှတ်တော်အမတ်ဖြစ်လာခဲ့တယ်ဆိုပြီး ရိုက်တာသတင်းက ရေးသားထားပါတယ်။
12 months Ago