အမေရိကန်ကနာမည်ပျက်စာရင်းသွင်း

March 11, 2021

စစ်အာဏာရှင်ဗိုလ်ချုပ်မှူးကြီး၏ သားသမီး ၂ ဦးကို အမေရိကန်က နာမည်ပျက်စာရင်းသွင်း

DVB

မြန်မာစစ်အာဏာရှင်  ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သားသမီး ၂ ဦးကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်အစိုးရက နာမည်ပျက်စာရင်းသွင်းလိုက်ပါတယ်။

    အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ နာမည်ပျက်စာရင်းထုတ်ပြန်ကြေညာချက်မှာတော့ အာဏာသိမ်းမှုမှာ အဓိကတာဝန်ရှိသူ မြန်မာစစ်ခေါင်းဆောင်ရဲ့ သားနဲ့သမီး ဖြစ်တဲ့ အောင်ပြည့်စုံ၊ ခင်သီရိသက်မွန်နဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်း ၆ ခု ပါဝင်နေတာ ဖြစ်ပါတယ်။

အဆိုပါ စီးပွားရေးလုပ်ငန်းတွေထဲမှာတော့ 7th Sense Creation ရုပ်ရှင်ထုတ် လုပ်ရေးကုမွဏီ၊ ပြည်သူ့ရင်ပြင်ထဲမှာ တည်ရှိတဲ့ Yangon Gallery နဲ့ စားသောက်ဆိုင်၊ ဆေးကုမ္ပဏီတခုဖြစ်တဲ့ A&M Mahar ၊ Sky One ဆောက်လုပ်ရေးနဲ့ ကျန်းမာရေးနဲ့ ကာယအလှလေ့ကျင့်ရေး စင်တာ EverFit  ကုမ္ပဏီစတဲ့လုပ်ငန်းတွေ ပါဝင်နေတာပါ။

    “ဒီကနေ့မှာတော့ အမေရိကန်နိုင်ငံက မြန်မာစစ်ခေါင်းဆောင်တွေရဲ့ အကြမ်းဖက် မှုကိုတုံ့ပြန်ဖို့၊ အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေကို တာဝန်ယူတာဝန်ခံမှုတိုးမြှင့်ဖို့နဲ့ စစ်အစိုးရနဲ့ ပတ်သက်ဆက်နွှယ်မှုတွေကနေ ငွေကြေးအကျိုးအမြတ်ရရှိသူတွေကို ပစ်မှတ်ထားပြီး နောက်ထပ်အရေးယူမှုများပြုလုပ်နေတာပါ” လို့  အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ပြောပါတယ်။

    ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်း ဆီးခေါ်ဆောင်သွားခဲ့ပြီး အာဏာသိမ်းလိုက်ပြီးတဲ့နောက် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေ နိုင်ငံအနှံ့ ပြုလုပ်နေကြတာပါ။

စစ်တပ်က အာဏာသိမ်းယူမှုအပြီး လူထုလှုပ်ရှားမှုဆန္ဒပြပွဲတွေအတွင်း စစ်တပ်နဲ့ လုံခြုံရေးရဲတပ်ဖွဲ့တွေရဲ့ နှိမ်နင်းမှုကြောင့် လူပေါင်း ၅၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်တယ်လို့ ကုလသမဂ္ဂက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ထုတ်ပြန်ထားခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)ရဲ့ ထုတ် ပြန်ချက်အရ ဖေဖော်ဝါရီ ၁ ရက်ကနေ မတ် ၈ ရက်နေ့အထိ အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးတရားစွဲပြစ်ဒဏ်ချမှတ်ခဲ့သူပေါင်း ၁၇၀၀ ကျော် ရှိနေတယ်လို့ ဆိုပါတယ်။

9 months Ago
Up