အမေရိကန်

November 30, 2022

ပြင်သစ်သမ္မတ ဝါရှင်တန်ဒီစီသို့ ရောက်ရှိ

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခွန်းဟာ အမေရိကန်ခရီးစဉ်ကို စတင်ခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်က ဝါရှင်တန်ဒီစီမြို့တော်ကို ရောက်ရှိလာခဲ့ပါတယ်။

ဒီ ရှားရှားပါးပါး နိုင်ငံတော်ခရီးစဉ်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လက်ခံကျင်းပတာဖြစ်ပြီး ၂ နိုင်ငံအကြား ခါးသီးတဲ့ စီးပွားရေးယှဉ်ပြိုင်မှုတွေထက် ပြင်သစ်-အမေရိကန် ချစ်ကြည်ရေးကို အဓိကထား ရည်ရွယ်တာဖြစ်ပါတယ်။

ဝါရှင်တန်၊ လန်ဒန်နဲ့ ကင်ဘာရာ အစိုးရတို့ဟာ ပြင်သစ်ရေငုပ်သင်္ဘောဝယ်ယူရေး စာချုပ်ကြီးတွေ ချုပ်ဆိုပြီးနောက် တနှစ်ကျော်အကြာ  ပြင်သစ်-အမေရိကန် ၂ နိုင်ငံကြား ဆက်ဆံရေးက ထင်ထင်ရှားရှား ဖြစ်သွားပြီး တရုတ်နဲ့ ရုရှားနိုင်ငံတို့ရဲ့ ဘုံခြိမ်းခြောက်မှုတွေကို ကြုံလာရချိန်မှာ ၂ နိုင်ငံ စည်းလုံးညီညွတ်မှုကို ပြသဖို့ မျှော်လင့်ထားတာပါ။

၂ နိုင်ငံကြား အဓိကဆွေးနွေးမယ့်ကိစ္စရပ်ဟာ အမေရိကန် ငွေကြေးဖောင်းပွမှုလျှော့ချရေး အက်ဥပဒေ (IRA) ဖြစ်မယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။

ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်မှုကြောင့် စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်နေချိန်မှာ အမေရိကန်ရဲ့ ကုန်ထုတ်လုပ်မှု အကြီးအကျယ်ကျဆင်းမှုက ဒီလုပ်ငန်းတွေအတွက် ထိုးနှက်ချက် ဖြစ်လာနိုင်ကြောင်း ဥရောပသားတွေက ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ စီပွားရေးပြိုင်ဆိုင်မှု ကြုံတွေ့နေရချိန်မှာ ဥရောပက ကုမ္ပဏီတွေကို အားနည်းမသွားအောင် သူတို့အကျိုးစီးပွားအတွက် အမေရိကန်ကို ဆွဲဆောင်ဖို့ မက်ခွန်းက ကြိုးစားမှာဖြစ်ပြီး ပြင်သစ်ရဲ့ ဓနအင်အားကို သံတမန်ရေးရာ သြဇာအရှိန်အဝါအဖြစ် အသုံးပြုသွားလိမ့်မယ်လို့ ပြောကြပါတယ်။

မက်ခွန်းဟာ လူဝီစီယားနားပြည်နယ်က ပြင်သစ်အမွေအနှစ် အထိမ်းအမှတ်နေရာကို သွားရောက်ဂုဏ်ပြုဖို့ ရှိနေပြီး စွမ်းအင်ရေးရာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးမှာဖြစ်တယ်လို့ ပြင်သစ်သမ္မတ အကြံပေးက ဆိုပါတယ်။

9 hours Ago

November 28, 2022

အမေရိကန်တွင် လေယာဉ်ငယ် ၁ စီး လျှပ်စစ်တာဝါတိုင်ပေါ် ပျက်ကျ

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ဒီစီရဲ့ မြောက်ဘက် မိုင် ၃၀ လောက်အကွာမှာ နိုဝင်ဘာ ၂၇ ရက်က ဗို့အားမြင့် လျှပ်စစ်တာဝါတိုင်ပေါ် လေယာဉ်ငယ်တစီး ပျက်ကျခဲ့လို့ လေယာဉ်ပေါ်မှာ ပါတဲ့လူတွေကို ကယ်ဖို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။

လေယာဉ်ပျက်ကျတဲ့ ညနေ ၅ နာရီခွဲလောက်မှာ မေရီလန်းပြည်နယ်၊ မောင့်ဂိုမာရီရွာက အုံ့ဆိုင်းစိုစွတ်နေတဲ့ အခြေအနေမှာရှိနေတယ်လို့ မောင့်ဂိုမာရီမြို့နယ် မီးသတ်နဲ့ ကယ်ဆယ်ရေးဌာနက ဆိုပါတယ်။

မြေပြင်ကနေ ပေ ၁၀၀ လောက်အကွာက ဓာတ်အားလိုင်းတွေပေါ်မှာ လေယာဉ်ငယ်က တင်နေခဲ့တာပါ။

ဒီဖြစ်ရပ်ကြောင့် လျှပ်စစ်သုံးစွဲသူ ၈၅,၀၀၀ ကနေ ၉၀,၀၀၀ ကြား ဓာတ်အားပြတ်တောက်ခဲ့တယ်လို့ ဝါရှင်တန်ဧရိယာ အသုံးချကုမ္ပဏီ ပက်ပ်ကိုက ပြောပါတယ်။

လမ်းတွေလည်း ပိတ်ထားရပြီး အဲဒီဒေသက မီးပွိုင့်အများအပြားမှာ လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။

မီးသတ်အရာရှိတွေက ကနဦးမှာ လူနှစ်ဦး အသက်ရှင်နေပေမဲ့ လေယာဉ်ထဲမှာ ပိတ်မိနေတယ်လို့ ပြောပါတယ်။

ကယ်ဆယ်ရေး တာဝန်ရှိသူတွေက လေယာဉ်ထဲမှာ ပိတ်မိနေသူ ၂ ဦးရဲ့ ဆဲလ်ဖုန်းတွေကို ပုံမှန်အချိန်တိုင်း ဖုန်းခေါ်ဆိုပြီး အဆက်အသွယ်ရခဲ့တယ်လို့ မောင့်ဂိုမာရီမြို့နယ် မီးသတ်ဦးစီးချုပ် စကော့ထ် ဂိုးလ်ဒ်စတိန်းက ပြောပါတယ်။

ခရီးသည်တွေကို မဖယ်ရှားမီ လေယာဉ်ကို လျှပ်စစ်တာဝါတိုင်ပေါ်မှာ လုံခြုံအောင်ထားဖို့ လိုတယ်လို့ ဂိုးလ်ဒ်စတိန်းက ပြောပါတယ်။

ဒေသခံကုမ္ပဏီတခုက ပံ့ပိုးပေးတဲ့ အင်မတန်ကြီးတဲ့ ဝန်ချီစက်ကြီး လေယာဉ်ပျက်ကျတဲ့နေရာမှာ ရောက်နေပြီလို့လည်း သူက ပြောပါတယ်။

မွန်းနေး M20J လေယာဉ်ဟာ နယူးယောက်ပြည်နယ် ဝက်စ်ချက်စတာမြို့ကနေ  ပျံသန်းလာပြီး ပျက်ကျရာနေရာနဲ့နီးတဲ့ မောင့်ဂိုမာရီ လေယာဉ်ကွင်းမှာ ဆင်းဖို့ လုပ်နေခဲ့တာလို့ ပြည်ထောင်စု လေကြောင်းစီမံခန့်ခွဲရေးအဖွဲ့ FAA က ပြောပါတယ်။

2 days Ago
More News
Up