အမေရိကနိုင်ငံ

December 4, 2019

ဗင်နီဇွဲလားသမ္မတနှင့် ဝန်ကြီးများအား အမေရိကနိုင်ငံများတွင် ခရီးနားခွင့် ပိတ်ပင်

ကိုလံဘီယာနိုင်ငံမြို့တော် ဘိုဂိုတာမှာ ဒီဇင်ဘာ ၃ ရက်နေ့က အမေရိကတိုက်တလွှား သက်ဆိုင်ရာအစိုးရ ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့ကြပြီး ဗင်နီဇွဲလားသမ္မတ နီကိုးလက်စ်မာဒူရိုနဲ့ ဝန်ကြီးတွေအပြင် သူတို့ရဲ့ မိသားစုဝင်တွေကိုပါ အမေရိကနိုင်ငံတွေမှာ ခရီးတထောက်နားခွင့် ပိတ်ပင်ဖို့ သဘောတူခဲ့ကြပါတယ်။ အမေရိကနိုင်ငံများ အပြန်အလှန် ကူညီရေး သဘောတူညီချက် (TIAR) မှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေကနေ အစည်းအဝေး လာတက်တဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ  ဗင်နီဇွဲလားနိုင်ငံတွင်း ရွေးကောက်ပွဲအသစ် ကျင်းပရေး သမ္မတ မာဒူရိုကို ဖိအားပေးဖို့ ဆွေးနွေးခဲ့ကြပါတယ်။ အမေရိကနိုင်ငံတွေမှာ ခရီးတထောက်နားခွင့် ပိတ်ပင်ခံရမယ့်စာရင်းမှာတော့ သမ္မတ မာဒူရိုနဲ့ မိသားစုဝင်တွေအပြင် နိုင်ငံခြားရေးဝန်ကြီး ဂျော့ဂျ်အာရီဇာ၊ ကာကွယ်ရေးဝန်ကြီး ဗလာဒီမာပါဒရီနိုနဲ့ ဒုသမ္မတ ဒဲလ်စီရော်ဒရီဂတ်တို့ ပါဝင်ပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့က တွေ့ဆုံပွဲကို အမေရိကန်၊ ဘရာဇီး၊ ကိုလံဘီယာ စတဲ့ ဒေသတွင်း အင်အားကြီးနိုင်ငံတွေ တက်ရောက်လာတဲ့အပြင် အမေရိကန်နိုင်ငံများအဖွဲ့ ဥက္ကဋ္ဌ လူစီ အာလ်မာဂရိုလည်း တက်ရောက်လာခဲ့ပါတယ်။ ဗင်နီဇွဲလားနိုင်ငံဟာ စီးပွားရေးနဲ့ နိုင်ငံရေး ကပ်ဘေးပြဿနာ ရင်ဆိုင်နေရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးပစ္စည်းတွေ ပြတ်လပ်နေတာကြောင့် နိုင်ငံသားတွေဟာလည်း အိမ်နီးချင်းနိုင်ငံတွေဆီကို အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ကြပါတယ်။
2 years Ago
Up