အမေရိက

A d v e r t i s e m e n t With Us

June 8, 2020

အာဖရိကန်-အမေရိကန်များနှင့် တသားတည်းရှိဟု ONE Championship ဥက္ကဋ္ဌ ပြော

အမေရိကန်မှာ ဂျော့ချ်ဖလွိုက် သေဆုံးခဲ့ရမှုအပေါ် ONE Championship က ကစားသမားတွေက စာနာထောက်ထားကြောင်း ပြသခဲ့သလို ONE Championship ဥက္ကဋ္ဌ ချတ်ထရီကလည်း လူမျိုးရေးခွဲခြားမှုတွေကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ချိန်ကျရောက်ပြီလို့ ပြောပါတယ်။  “လူသားအားလုံး တန်းတူမျှမျှတတ ဆက်ဆံခံသင့်တယ်လို့ ကျနော် အခိုင်အမာယုံကြည်ပါတယ်။ အားလုံးအတွက် ညီမျှတဲ့အခွင့်အရေးတွေ ရသင့်တယ်လို့လည်း ယုံကြည်တယ်။ လူမျိုး၊ ကိုးကွယ်ယုံကြည်မှု၊ ကျား မ လိင်ပိုင်းဆိုင်ရာ၊ နိုင်ငံသားဖြစ်မှု၊ ပညာရေး၊ လူမှုရေး စသဖြင့် ခွဲခြားဆက်ဆံခွင့်မရှိပါဘူး။ လူတွေနဲ့တွေ့ဆုံစကားပြောတဲ့အခါ ဒီအချက်တွေကို ကျနော် မမြင်ဘူး။ ကျနော့်ဘဝတလျှောက် နိုင်ငံပေါင်းစုံ၊ လူမျိုးပေါင်းစုံက သူငယ်ချင်းတွေရှိတယ်။ ဘီလီယံနာသူငယ်ချင်းတွေရှိသလို ဆင်းရဲသားသူငယ်ချင်းတွေလည်း ရှိတယ်။ ကျနော့် မျက်လုံးထဲမှာတော့ လူတိုင်းကို အတူတူပဲ မြင်တယ်။ ကျနော်တို့ အားလုံး မတူညီတဲ့ ဘဝနောက်ခံ၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ လူမျိုး၊ ယုံကြည်မှုတွေရှိကြပါတယ်။ ဒါပေမဲ့ ကျနော်တို့အားလုံး အိပ်မက်တွေမက်ကြတယ်၊ ရယ်မောကြတယ်၊ ချစ်ကြတယ်၊ ငိုကြွေးကြတယ်။ Genki Sudo ဟိုးယခင်က ပြောခဲ့သလို “ငါတို့အားလုံး တစ်ခုတည်း” ဆိုသလိုပါပဲ။ လူမည်းတွေရဲ့ဘဝက အရေးပါပါတယ်”လို့ ချတ်ထရီက ပြောပါတယ်။ အာဖရိကန်-အမေရိကန်တွေ မမျှမတဆက်ဆံခံရတယ်၊ အလွဲသုံးစား လုပ်ခံရတယ်။ သူတို့က တခြားလူတွေလို တန်းတူဆက်ဆံခြင်း မခံရပါဘူး။ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ဖို့ အချိန်ကျရောက်လာပါပြီ။ ဘယ်နေရာမှာပဲဖြစ်ဖြစ် လူမည်းတွေနဲ့အတူ ရပ်တည်တယ်၊ လူသားဆန်မှုနဲ့အတူ ရပ်တည်ပါတယ်လို့လည်း ပြောပါတယ်။ လက်ရှိက မှောင်မိုက်တဲ့ အခိုက်အတန့်ဖြစ်နေပေမဲ့လည်း အမေရိကားဟာ စုစည်းညီညွတ်မှုအပြည့်နဲ့ နိုင်ငံတစ်ခု ပြန်လည်တည်ဆောက်မယ့်နည်းလမ်းကို ရှာတွေ့နိုင်မယ်လို့လည်း  ချတ်ထရီက ပြောပါတယ်။  မေလ ၂၅ ရက်က မင်နီဆိုတာပြည်နယ်၊ မင်နီယာပိုလစ်မြို့မှာ အာဖရိကန်-အမေရိကန်နွယ်ဖွား ဂျော့ချ်ဖလွိုက်ကို လူဖြူရဲတပ်ဖွဲ့ဝင် ၄ ဦးက ဖမ်းဆီးခဲ့ရာကနေ သေဆုံးမှုဖြစ်ခဲ့ရာက လူမျိုးရေးခွဲခြားမှု ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ အမေရိကန် ပြည်ထောင်စု နယ်နိမိတ်ကိုကျော်ကာ ဥရောပနိုင်ငံတွေအထိ ရိုက်ခတ်သွားခဲ့တာပါ။
9 months Ago

June 4, 2020

ဂျော့ဖလွိုက်သေဆုံးမှု အမေရိကကို ပြောင်းလဲရန် အခွင့်အလမ်းဟု သမ္မတဟောင်း အိုဘားမား ပြော

လူမည်းအမျိုးသား ဂျော့ဖလွိုက် သေဆုံးခဲ့မှုဟာ ပြည်သူတွေအတွက် နှိုးထဖို့နဲ့ အမေရိကကို ပြောင်းလဲဖို့ အခွင့်အလမ်းတရပ်ဖြစ်တယ်လို့  သမ္မတဟောင်း အိုဘားမားက ဇွန်လ ၃ ရက်မှာ ပြောလိုက်ပါတယ်။  လူမည်းအမျိုးသား ဂျော့ဖလွိုက်ကို ရဲက သတ်ဖြတ်လိုက်မှုနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုတဝန်း ဆန္ဒပြပွဲတွေဖြစ်ပေါ်နေစဉ်မှာ အခုလို ပြောကြားခဲ့တာပါ။ ပြီးခဲ့တဲ့ ကိုးရက်ထဲက လူဖြူရဲတွေလက်ထဲ သေဆုံးသွားတဲ့ ဂျော့ဖလွိုက်အတွက် မကျေနပ်မှုတွေနဲ့ဒေါသတွေ ရှိနေတာကို အသိအမှတ်ပြုပေမဲ့လည်း  အမေရိကန်ရဲ့ ပထမဆုံး လူမည်းသမ္မတဖြစ်တဲ့ အိုဘားမားက အကောင်းမြင်တဲ့ မှတ်ချက်ပဲ ပေးပါတယ်။  ဒါ့အပြင် သူက လူဖြူမဟုတ်တဲ့ တခြားအသားအရောင်ရှိတဲ့ အမေရိကန်လူငယ်တွေကို လည်း ခင်ဗျားတို့ အားလုံးရဲ့ ဘဝဟာ အရေးကြီးသလို ခင်ဗျားတို့ အိပ်မက်တွေဟာလည်း အရေး ကြီးတယ်လို့ ပြောပါတယ်။  သမ္မတဟောင်း အိုဘားမားဟာ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ကို ဗုဒ္ဓဟူးနေ့ မိန့်ခွန်းထဲ ထည့်ပြောခြင်းမရှိပေမဲ့ ပြီးခဲ့တဲ့ အပတ်တွေကတော့   အိုဘားမားဟာ သမ္မတ ထရမ့်ရဲ့ လုပ်ရပ်တွေ ကို ဝေဖန်ခဲ့တာရှိတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ 
9 months Ago
Up