ကမ္ဘာ့တိုက်ကြီးတခုစာလောက် ကျယ်တဲ့ တောကြီးမျက်မည်းကြောင့် ဘရာဇီးနိုင်ငံရဲ့ အမေဇုံဒေသဟာ နာမည်ကြီးပါတယ်။
လူတွေ မထိရသေးတဲ့ သစ်တောတွေထဲကို မြစ်ကြီးတွေ ဖြတ်စီးနေပြီး သစ်တောအလယ်ထိ ဘယ်လမ်းမှ မပေါက်ပေမယ့် မြစ်ကမ်းဘေးတွေမှာတော့ ဌာနေတိုင်းရင်းသားမျိုးနွယ်စု အုပ်စုလေးတွေ နေကြတာပါ။
ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ရောဂါကပ်ဘေးအတွင်း အခြေခံအဆောက်အဦ ပြတ်လပ်နေတာကြောင့် သူတို့ဟာ အနီးဆုံးဆေးခန်းကို ရောက်ဖို့ မြစ်ကြောင်းကနေ မိုင်ချီခရီးကို လာကြရတဲ့အတွက် ကူးစက်မှုအန္တရာယ်ဟာ သူတို့အတွက် ပိုကြီးနေပါတယ်။
ပြည်နယ်ရဲ့ မြို့တော် မာနောက်စ်က ကျန်းမာရေးဝန်ထမ်းတွေဟာ ဝေးလံသီခေါင်တဲ့ မြစ်ဘေးရွာလေးတွေဆီ အရောက်လာပြီး ဒေသခံတွေကို ကိုရိုနာဗိုင်းရပ်စ်ရဲ့ ခြိမ်းခြောက်မှု အကြောင်း သတိပေးကြပါတယ်။
ဒါ့အပြင် ရာသီတုပ်ကွေးနဲ့ H1N1 တုပ်ကွေးလို ရောဂါတွေအတွက် ကာကွယ်ဆေးကိုလည်း ထိုးပေးကြဖို့ သတိပေးခဲ့ပါတယ်။
လောလောဆယ်မှာ အမေဇုံပြည်နယ် ပြည်သူ့ဆေးရုံမှာ ရုတ်တရက် အသက်ရှူကြပ်တဲ့ ဝေဒနာနဲ့ လူနာ ၂၃ ယောက် တက်ရောက်ကုသနေပြီး ပုဂ္ဂလိကဆေးရုံ ၂ ရုံမှာ COVID-19 ကူးစက်ခံလူနာတွေကို ကုသဖို့ အဆင်သင့်ပြင်ထားပြီလို့ ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ ပြောစကားကို ကိုးကားပြီး ဒေသခံမီဒီယာက ရေးပါတယ်။
ဘရာဇီးနိုင်ငံမှာ ဧပြီ ၅ ရက်ထိ အတည်ပြုချက်အရ ကိုရိုနာကူးစက်ခံလူနာဟာ ၅ ရက်အတွင်း ၂ ဆတိုးလာပြီး ကူးစက်ခံ ဦးရေ စုစုပေါင်း အယောက် ၁၁,၁၃၀ ရှိနေပါတယ်။
သေဆုံးသူဦးရေလည်း ၂ ဆ တိုးလာကာ ၄၈၆ ယောက် သေဆုံးခဲ့ပြီလို့ ဘရာဇီး ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၅ ရက်မှာ ပြောပါတယ်။
11 months Ago