အမုန်း၏နောက်ကွယ်

December 6, 2017

အမုန်း၏နောက်ကွယ်

    ယနေ့ ကမ္ဘာကြီးနှင့်ပတ်သက်ပြီး မိမိတို့ အမြင်အမျိုးမျိုးကို သုံးသပ်ဝေဖန်သူများ၊   သဘောထားပေးသူများ ရှိလာပါသည်။   အထူးသဖြင့် ကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသော ပဋိပက္ခများ၊   စစ်ပွဲများကို သုံးသပ်သည့်အခါတွင် အမုန်းတရားကြောင့် ထိုကဲ့သို့ ဖြစ်ပေါ်ရသည်ဟု သုံးသပ်မှုလည်း ရှိပါသည်။   ထိုသုံးသပ်မှုသည် ယေဘုယျဆန်သည်ဟု ဆိုရမည်။   တဦးနှင့် တဦး မုန်းတီးမှု၊   တဦးအပေါ် တဦး သဝန်တိုမှု၊   မရှုစိမ့်မှု စသည့် အမုန်းတရားများက ထိုပဋိပက္ခများနှင့် စစ်ပွဲများကို ဖြစ်ပေါ်စေသည်ဟု လက်ခံထားသူများသည် အမုန်းတရား ရှိလာသည့်အခါတွင် ထိုအမုန်းတရားသည် ကူးစက်ရောဂါလို ပျံ့နှံ့သွားသည်ဟု ကောက်ချက်ချလေသည်။   ဆောင်းပါးတစောင်၌ - “လူ့အဖွဲ့အစည်းတခု၊   နိုင်ငံတခု စသည်တို့တွင် ကပ်ရောဂါတခု ဖြစ်ပွားလာသည့်အခါတွင် ထိုကပ်ရောဂါသည် ထိုတိုင်းပြည်၊   ထိုဒေသ၊   ထိုနေရာတခုလုံးကို ကူးစက်ပျံ့နှံ့သွားတတ်သည်။   ရောဂါကို မကုသနိုင်၊   မတားဆီးနိုင်သည့် အချိန်ကာလတခုအတွင်း ထိုကပ်ရောဂါ၏ ကူးစက်ပျံ့နှံ့မှုမှာ ဆိုးဆိုးဝါးဝါး ဖြစ်သွားသည်။   ဗြိတိန်နိုင်ငံတွင် ခွာနာလျှာနာ ကပ်ရောဂါတခု ဖြစ်ပွားဖူး၏။   ထိုရောဂါကြောင့် ကျွဲ၊   နွား တိရစ္ဆာန်ပေါင်း လေးသောင်းငါးထောင်ကို ရောဂါမပျံ့နှံ့အောင် ပိုင်ရှင်များက အစုအပြုံလိုက် သုတ်သင်ရှင်းလင်းပစ်ရလေသည်။   ထိုကျွဲ၊   နွားများကို အမြန်ဆုံး သတ်ဖြတ်ပစ်ပြီး ခွာနာလျှာနာပိုး မပျံ့နှံ့အောင်လည်း တင်းကုပ်များကို မီးရှို့ဖျက်ဆီးခြင်း၊   ပိုးသတ်ဆေးများ ပျက်ဖြန်းခြင်းများ ပြုလုပ်ကြရ၏။   ထိုအခါ ကျွဲ နွားပိုင်ရှင်များမှာ မိမိတို့ ငွေကြေးကုန်ကျခံ မွေးမြူထားသော တိရစ္ဆာန်များ ဆုံးရှုံးသွားသလို တင်းကုပ်များ၊   ကျွဲနွားများနှင့် ဆက်စပ်သော ပစ္စည်းများကိုလည်း ဖျက်ဆီးပစ်ရလေတော့သည်။   ကမ္ဘာပေါ်ရှိ ဘယ်နေရာတွင်မဆို ကပ်ရောဂါတခုခု ဖြစ်ပွားလာပြီဆိုလျှင် ကူးစက်ပျံ့နှံ့မှုနှုန်းအရ လူများမှာ ဆိုးဆိုးဝါးဝါး ရောဂါ၏ဒဏ်ကို ခံကြရလေသည်။   ငှက်ဖျားရောဂါ ဖြစ်ပေါ်စဉ်က ငှက်ဖျားရောဂါပိုးကို သတ်နိုင်သည့် ဆေးမရှိသေးသည့် အချိန်တွင် ထိုရောဂါကို ဖြစ်စေသော ခြင်ကြောင့် လူများမှာ ရောဂါကူးစက်မှုကို ခံရတော့သည့်။   ထို့အတူပင် အူရောင်ငန်းဖျားရောဂါ၊   ဝက်သက်ရောဂါ၊   ပါးချိတ်ရောင်ရောဂါ စသည်တို့မှာ ကုစရာဆေး မရှိသည့်အချိန်က ကပ်ရောဂါလို ခံစားခဲ့ရသည်။   ထိုရောဂါများကြောင့် သေဆုံးသွားသူများ ပေါ်ပေါက်ခဲ့ပါသည်။   လူ့အဖွဲ့အစည်းသည် ထိုကူးစက်ရောဂါကို ဘယ်လို နှိမ်နင်းမလဲ၊   ထိုကူးစက်ရောဂါကို ပျံ့နှံ့မှုမရှိအောင် ဘယ်လို ကြိုးပမ်း အားထုတ်ကြမလဲဆိုကာ ဆေးပညာရှင်များက ခွန်စိုက်အားစိုက် ကာကွယ်ဆေးနှင့် ရောဂါနှိမ်နင်းဆေးကို ရှာဖွေကြပါသည်။   ထိုသို့ ကူးစက်ရောဂါ ကာကွယ်နိုင်၊   ကုသနိုင်သည့် ဆေးကို တွေ့လာသည့်အခါတွင် တွေ့ရှိသည့် လူမျိုးက တခြားလူမျိုးများထံ၊   တွေ့ရှိသည့် နိုင်ငံက တခြားနိုင်ငံများထံ ဆေးကို ဖြန့်ဝေပေးကမ်းကြသည်။   ထိုကဲ့သို့ ပေးကမ်းရာတွင် ရန်သူနိုင်ငံများလည်း ဖြစ်နေနိုင်သလို လူမျိုးတမျိုးနှင့် တမျိုး တိုက်ခိုက်နေသည်များလည်း ရှိနေနိုင်ပါသည်။   သို့သော် ပိုးသတ်ဆေးနှင့် ကာကွယ်ဆေးများကို ဖြန့်ဝေပေးကမ်းလျက် ရှိသည်ကို တွေ့ရပါသည်။   ထိုကဲ့သို့ ကပ်ရောဂါဖြစ်သော ကူးစက်ရောဂါများမှာ ရုပ်ပိုင်းဆိုင်ရာ ကူးစက်ပျံ့နှံ့သော ရောဂါများသာ ဖြစ်သည်။   စိတ်ပိုင်းဆိုင်ရာ ရောဂါများ မဟုတ်ကြပေ။   ထိုသို့ဆိုလျှင် စိတ်ခံစားမှုနှင့် ပတ်သက်သောရောဂါ ဆိုသည်မှာ ဘာကို ဆိုလိုပါသလဲ။   နိုင်ငံ သို့မဟုတ် ကမ္ဘာတခုလုံးကို စိတ်နှင့်ပတ်သက်ပြီး ကူးစက်ပျံ့နှံ့မှု အမြန်ဆုံးနှင့် အလွယ်ဆုံးရောဂါမှာ အမုန်းရောဂါ ဖြစ်လေသည်။   ကျနော်တို့သည် စိတ်ကျန်းမာရေးအကြောင်းကို အများကြီးသိဖို့ လိုသလို ခန္ဓာကိုယ် ကျန်းမာရေးအကြောင်းကိုလည်း သိကြရပေမည်။   ကျနော်တို့သည် အမုန်းရောဂါ အကြောင်းကို အသေအချာသိလျှင် ရောဂါ၏ ကူးစက်ပျံ့နှံ့မှုကိုလည်း ကြောက်ရွံ့ကြပေလိမ့်မည်။   ထိုရောဂါ၏ ကူးစက်ပျံ့နှံ့မှုကိုလည်း ကြောက်ရွံ့ကြပေလိမ့်မည်။   ထိုရောဂါသည် အန္တရာယ်ကြီးပြီး ငှက်ဖျားရောဂါလို၊   အူရောင်ငန်းဖျားရောဂါလို ကပ်ရောဂါအဖြစ် လူအများအား အကြီးအကျယ် သေကျေဆုံးရှုံးစေသည်ကို သဘောပေါက်ထားသင့်၏။   ထိုအခါတွင် ထိုအမုန်းရောဂါနှင့် စီးချင်းထိုး တိုက်ခိုက်ရာ၌ ကျနော်တို့က ကောက်ရိုးနှင့်လုပ်သော စာခြောက်ရုပ်တခုကို ထိုစီးချင်းထိုးပွဲတွင် အသုံးပြုလိမ့်မည် မဟုတ်ပေ။   ယခုအခါ ကမ္ဘာကြီးတွင် အမုန်းရောဂါ အမှန်တကယ် ပျံ့နှံ့နေပါသလား။   အမုန်းရောဂါက ကမ္ဘာကြီးတွင် ကူးစက်နေပါသလား။   ချုပ်ပြောရမည်ဆိုလျှင် နေရာတိုင်းတွင် ထိုရောဂါ ကူးစက်ပျံ့နှံ့နေပါသည်။   ထိုရောဂါကြောင့် ကျနော်တို့ ခက်ခဲကျပ်တည်းသော ကာလကို ရောက်နေပြီလား။   ထိုကဲ့သို့ အခြေအနေတော့ မရောက်သေးပေ။   လမ်းတဝက်သို့ ရောက်နေပြီ ဖြစ်၏။   ဤသို့ဆိုလျှင် အမုန်းရောဂါ ဆိုသည်မှာ ဘာပါလိမ့်။   အမုန်း ဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ ရောဂါတခု မဟုတ်ပါ။   ထိုရောဂါသည် စိတ်ခံစားမှုအပေါ်တွင် ဖြစ်ပေါ်လာသော ရောဂါသည် စိတ်ခံစားမှုအပေါ်တွင် ဖြစ်ပေါ်လာသောရောဂါ ဖြစ်၏။   ထိုရောဂါကို ကုဖို့လည်း လိုအပ်ပါသည်။   စိတ်ပျက်စီးမှု ဖြစ်လာသည့်အခါတွင် ထိုရောဂါမျိုး ဖြစ်တတ်၏။   စိတ်ဓာတ်ကျခြင်း၊   စိတ်ဓာတ်ပျက်စီးခြင်း သက်သက်မှာ အမုန်းရောဂါတော့ မဟုတ်သေးပါ။   စိတ်ဓာတ်ကျခြင်းကို ကုသ၍ ရသည်။   သို့သော် အမုန်းရောဂါမှာမူ တော်ရုံတန်ရုံဖြင့် ကုသ၍ မလွယ်နိုင်ပေ။   စိတ်ခံစားမှုနှင့် မလိုမုန်းထားမှု စသော မကျေနပ်မှုများမှနေ ထိုအမုန်းရောဂါ ပေါက်ဖွားလာခြင်း ဖြစ်ပါသည်။   အမုန်းရောဂါတွင် မုန်းရသည့် အကြောင်းမျိုးစုံ ရှိသည်။   အကြောင်းမျိုးစုံ၊   အဖြစ်အပျက်မျိုးစုံ ရှိသည်။   အကြောင်းမျိုးစုံ၊   အဖြစ်အပျက်မျိုးစုံ၊   ခံစားမှုမျိုးစုံနှင့် ဆက်နွှယ်ပတ်သက်လျှင်လည်း ရှိပါသည်။   ထို့ကြောင့် အမုန်းရောဂါကို ကုသသည့်အခါတွင် မတူသော ကုသမှုများလည်း ရှိပါသည်။   အုပ်စုတစုမှနေ အုပ်စုတစုကို မုန်းတီးခြင်း၊   လူတယောက်မှနေ လူတယောက်ကို မုန်းတီးခြင်း စသည့် အမုန်းမျိုးနည်းစုံ ရှိလေသည်။   အမုန်းရောဂါ ဘာကြောင့် ဖြစ်ရသလဲ။   ဖြစ်ရသည့် အကြောင်းအရင်းကို အမုန်းရောဂါ ခံစားနေရသူများက မိမိတို့ဘာသာ သုံးသပ်ဖို့ လိုပါတယ်။   အမုန်းရောဂါကြောင့် တဦး တယောက်ချင်း၊   အစုအဖွဲ့ချင်း၊   လူမျိုးတမျိုးချင်း၊   နိုင်ငံတနိုင်ငံချင်း ထိခိုက်ပျက်စီး ဆုံးရှုံးနစ်နာအောင် ပြုလုပ်နိုင်သလို စစ်ပွဲကြီးများအထိ တိုက်ခိုက်နိုင်ပေသည်။   ထို့ကြောင့် အမုန်းရောဂါကို ကုသနိုင်ဖို့ မိမိတို့တွင် ရှိနေသော အမုန်းစိတ်ကို ဖျောက်ဖျက်နိုင်ဖို့အတွက် နည်းလမ်းသုံးသွယ် ရှိ၏။   ထိုနည်းလမ်းသုံးသွယ်ကို လူပုဂ္ဂိုလ်တဦးချင်းပင် ဖြစ်စေ၊   အုပ်စုများပင် ဖြစ်စေ၊   နိုင်ငံများပင် ဖြစ်စေ မည်သို့ပင် ကွဲပြားနေပါစေ။   မည်သို့ပင် ခံစားနေပါစေ ထိုနည်းလမ်းသုံးသွယ်ကို ကျင့်သုံးပါက ထိုရောဂါကို ကုသနိုင်ပေလိမ့်မည်။   (၁) လူတဦးချင်း၊   တဖွဲ့ချင်း၊   တနိုင်ငံချင်း မတူညီခြင်းနှင့် မကျေနပ်ခြင်းများမှာ အမြဲတစေ ဖြစ်ပေါ်နေခြင်း မဟုတ်။   ဖြစ်ပေါ်နေစရာလည်း အကြောင်းမရှိ။   တယောက်ကို တယောက် မုန်းနေစရာလည်း အကြောင်းမရှိပေ။   ထိုကဲ့သို့ အမုန်းတရား ရှိနေစရာမလို ဆိုသော အသိ မိမိတို့ခေါင်းထဲတွင် လေးလေးနက်နက် ရှိလာစေရမည်။   (၂) တယောက်နှင့် တယောက်၊   တစုနှင့်တစု၊   တနိုင်ငံနှင့် တနိုင်ငံ တူညီမှုများကို ရှာဖွေပါ။   အသိအမှတ်ပြုပါ။   အလေးထားပါ။   (၃) တဦးနှင့် တဦး၊   တဖွဲ့နှင့် တဖွဲ့၊   တနိုင်ငံနှင့် တနိုင်ငံ သဘောထား မတူညီမှုများ၊   ကွဲပြားခြားနားမှုများကို စိတ်ရှည်သည်းခံပါ။   ထိုအချက် ၃ ချက်ကိုသာ လိုက်နာကျင့်သုံးမည်ဆိုလျှင် ထိုအမုန်းရောဂါကိုလည်း ပျောက်ကင်းအောင် ကုသနိုင်ပေလိမ့်မည်။   ယနေ့ ကမ္ဘာပေါ်တွင် စစ်ပွဲများ၊   ပဋိပက္ခများ ဖြစ်ပေါ်နေရသည်မှာ ထိုအမုန်းရောဂါ ပျံ့နှံ့နေခြင်းကြောင့် ဖြစ်၏။   အမုန်းရောဂါသည် ကူးစက်ရောဂါတခုလို လူမျိုးတိုင်းကို ကူးစက်နေပါသည်။   မတူ ကွဲပြားသည့် ဘာသာ၊   လူမျိုး၊   ဘဝ၊   အတွေးအခေါ်၊   အယူအဆ စသည်များမှာ လောကနိယာမအရ ကွဲပြားခြားနားမှု ရှိသည် ဆိုသည်ကို နားလည်သဘောပေါက်လျှင် ဖြစ်ရိုးဖြစ်စဉ် သဘာဝတရား ဖြစ်သည် ဆိုသည်ကို လက်ခံယုံကြည်လျှင် အမုန်းရောဂါဆိုး ကူးစက်ပျံ့နှံ့စရာ အကြောင်းမရှိပါ” မကြာသေးခင်က အမုန်းရောဂါနှင့် ပတ်သက်သော ဆောင်းပါးတပုဒ်ကို စာအုပ် အဟောင်းပုံထဲမှ တွေ့ရှိလိုက်ပါသည်။   ယနေ့ ဖြစ်ပေါ်လျက်ရှိသော ပဋိပက္ခများကို ထိုဆောင်းပါးတွင် ပါသော ကုထုံးများဖြင့် ပျောက်ကင်းနိုင်၊   မပျောက်ကင်းနိုင်ကိုကား မိမိတို့ဘာသာ ဆုံးဖြတ်ရန် ဖြစ်သည်။   ယနေ့ မိမိတို့နိုင်ငံတွင် လည်းကောင်း၊   ကမ္ဘာပေါ်တွင် လည်းကောင်း ဖြစ်ပေါ်နေသော အမုန်းရောဂါ ကပ်ဆိုးကြီးကို အမြန်ဆုံး ပျောက်ကင်းအောင် ကုသဖို့ လိုအပ်လျက် ရှိပါတော့သည်။   ထက်မြက်
3 years Ago
Up