အမီတာဘတ်ချန်း

August 3, 2020

အိန္ဒိယ ငွေကြယ်ပွင့် အမီတာဘတ်ချန်း ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်း

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရလို့ ဆေးရုံတက် ကုသနေတဲ့ အိန္ဒိယရုပ်ရှင် ငွေကြယ်ပွင့် အမီတာဘတ်ချန်းဟာ  သြဂုတ် ၂ ရက်မှာ ဆေးရုံက ပြန်ဆင်းပြီလို့ သားဖြစ်သူ အဘိရှက်ခ်ဘတ်ချန်းက တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ဖော်ပြထားပါတယ်။ ဝါရင့်ရုပ်ရှင်ဇာတ်ဆောင် မင်းသားကြီး အမီတာဘတ်ချန်းဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ရောဂါ ကူးစက်ခံထားရကြောင်းတွေ့အပြီး ဇူလိုင် ၁၁ ရက်မှာ ဆေးရုံတင် ကုသခံခဲ့ရတာပါ။ နောက်ဆုံး ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးချက်ရလဒ်အရ ကူးစက်မှု မရှိတော့ကြောင်း ပြထားလို့ ခုလို ဆေးရုံဆင်းလာတာဖြစ်ကြောင်း၊ သူ့အတွက် ဆုတောင်းစကားတွေနဲ့ ဆန္ဒပြုပေးကြသူ အားလုံးကို ကျေးဇူးတင်ပါတယ်လို့ သူ့သားက တွစ်တာလူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။ အိန္ဒိယ ပြည်ထဲရေးဝန်ကြီး အမစ်တာရှားလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စမ်းသပ်တွေ့ရှိလို့ ဆေးရုံတင် ကုသနေတယ်လို့ သြဂုတ် ၂ ရက်မှာ ပြောပါတယ်။ သူဟာ ဝန်ကြီးချုပ် နရင်ဒရာမိုဒီရဲ့ နီးကပ်တဲ့ လက်ထောက်ဖြစ်ပြီး နိုင်ငံအတွင်း သြဇာအကြီးဆုံး နိုင်ငံရေးသမားတွေထဲက တယောက် ဖြစ်ကာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို စီမံခန့်ခွဲရာမှာ ရှေ့တန်းက ဦးဆောင်တဲ့ အဓိကဝန်ကြီးဌာနရဲ့ အကြီးအကဲလည်း ဖြစ်ပါတယ်။ အိန္ဒိယမှာ သြဂုတ် ၃ ရက်ထိ အတည်ပြုချက်အရ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ လူနာ ၁ ဒသမ ၈ သန်းကျော်ရှိပြီး သေဆုံးသူ ၃၈,၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။
1 year Ago

July 12, 2020

ဘောလီးဝုဒ်စတား အမီတာဘတ်ချန်းတို့သားအဖ ကိုဗစ်-၁၉ ကူးစက်ခံရ

အိန္ဒိယဘောလီးဝုဒ်ရုပ်ရှင်လောကရဲ့အကျော်ကြားဆုံး မင်းသားကြီး အမီတာဘတ်ချန်းဟာ ကိုဗစ်-၁၉ ကူးစက်ခံနေရပါတယ်။  ဆေးစစ်ခံလိုက်တော့ သူ့မှာ ကူးစက်မှု ဖြစ်နေတယ်လို့ မင်းသားကြီးက ပြောပါတယ်။ သူ့သား အဘီရှက်ဘတ်ချမ်းလည်း ကူးစက်ခံထားရတယ်လို့ တွစ်တာမှာ ဖော်ပြထားပါတယ်။  မင်းသားကြီး ဘတ်ချန်းနဲ့သူ့သားဟာ လက်ရှိမှာ မွန်ဘိုင်းက နာနာဝတီဆေးရုံမှာ တက်နေ ပြီး ရောဂါလက္ခဏာ မပြင်းထန်ဘူးလို့ သိရပါတယ်။  အိန္ဒိယနိုင်ငံဟာ ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာနေပြီး ဇူလိုင် ၁၁ ရက်မှာပဲ အတည်ပြုလူနာစာရင်း ၈ သိန်း ၂ သောင်း ၁ ထောင်နီးပါးရှိလာနေတာပါ။  အိန္ဒိယဟာ ကမ္ဘာ့တတိယမြောက် ကူးစက်ခံလူနာ အများဆုံးနိုင်ငံလည်း ဖြစ်တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။  မင်းသားကြီးက ကျန်ခဲ့တဲ့ ဆယ်ရက်အတွင်း သူနဲ့ နီးနီးကပ်ကပ်တွေ့ဆုံခဲ့သူ အားလုံး ဆေးစစ်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။  ဘတ်ချန်းမိသားစုထဲက သားသမီးနဲ့ ချွေးမ မယ်ကမ္ဘာဆုရှင် ရုပ်ရှင်မင်းသမီး အက်ရှ် ဝါယာရာရိုင်တို့ကတော့ ရောဂါပိုး မတွေ့ထားဘူးလို့ ဒေသခံ မီဒီယာက ဆိုပါတယ်။  ဘတ်ချမ်းသားအဖ နေပြန်ကောင်းလာစေဖို့ လူမှုကွန်ရက်တွေမှာ လူအမြောက်အမြားက ဆုတောင်းပေးခဲ့ကြပါတယ်။  “အမိတာဂျီးရေ ခင်ဗျားဟာ ဒီနိုင်ငံက လူသန်းချီရဲ့စံပြပုဂ္ဂိုလ်ပါ။ ခင်ဗျားကို ကျနော်တို့ အားလုံး ကောင်းကောင်း စောင့်ရှောက်ပါ့မယ်။ အမြန်နေပြန်ကောင်းလာစေဖို့ အကောင်းဆုံး ဆုတောင်းပေးပါတယ်” လို့ အိန္ဒိယကျန်းမာရေး ဝန်ကြီးကလည်း ဆုတောင်းပေးခဲ့ပါတယ်။
1 year Ago
Up