အထူးလေ့ကျင့်ပေးထားတဲ့ ပါးနပ်တဲ့ ကျီးကန်းခြောက်ကောင်ဟာ လာမယ့် သီတင်းပတ်ကနေစလို့ ပြင်သစ်နိုင်ငံရဲ့ ပန်းခြံတခုမှာ အမှိုက်သိမ်းတဲ့တာဝန်ကို စတင်ထမ်းဆောင်တော့မယ်လို့ Mirror သတင်းမှာ ဖော်ပြပါတယ်။
ဒီအစီစဉ်ကို ပြင်သစ်နိုင်ငံရဲ့ အနောက်ဗန်ဒီးဒေသမှာရှိတဲ့ ပေဒီဗူးပန်းခြံမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
သမိုင်းဝင်ပန်းခြံကြီးထဲမှာ အမှိုက်သိမ်းမယ့် ကျီးကန်တွေဟာ စီးကရက်အတို သို့မဟုတ် အခြားသော အမှိုက်စလေးတွေကို အမှိုက်ပုံးထဲထည့်ရင် ပုံထဲကနေ သူတို့သဘောကျတဲ့ အစာလေးတွေထွက်ပေါ်လာပြီး ဂုဏ်ပြုခံရမှာပဲဖြစ်ပါတယ်။
“ပန်းခြံကို လာရောက်သူများက စည်းကမ်းရှိကြကြောင်းနဲ့ ဒီနေရာမှာ ကျီးကန်းတွေကို အသုံးပြုရတဲ့ ရည်ရွယ်ချက်က အမှိုက်သိမ်းရုံတင်မဟုတ်ဘဲ သဘာဝတရားက သူကိုယ်တိုင် ပတ်ဝန်းကျင် သန့်ရှင်းဖို့ ဆောင်ရွက်တယ်ဆိုတာကို ပြသဖို့ပဲဖြစ်ပါတယ်” လို့ ပန်းခြံရဲ့ ဥက္ကဋ္ဌ နီကိုးလပ်စ်ဒီဗီလီယာက ပြောပါတယ်။
“ကျီးကန်းမျိုးနွယ်ဝင်တွေဖြစ်တဲ့ ရက်စ်(rooks)၊ ဂျက်ဒေါ(jackdaw)၊ ရီဗန်(raven) နဲ့ကယ်ရီရွန်(carrion) စတဲ့ ကျီးကန်းတွေဟာ အလွန်လိမ္မာပါးနပ်တဲ့ ကျီးကန်းတွေဖြစ်ပြီး သူတို့ဟာလူသားတွေနဲ့ ဆက်သွယ်ရမှာကိုနှစ်သက်ကာ ဆော့ကစားခြင်းနဲ့ ဆက်ဆံရေးတခုကို တည်ထောင်လိုကြပါတယ်” လို့လည်း သူကဆက်လက်ပြောဆိုပါတယ်။
ကျီးကန်းတွေဟာ မယုံကြည်နိုင်စရာကောင်း လောက်အောင် ပါးနပ်တဲ့ တိရစ္ဆာန်တွေဖြစ်ပြီး သူတို့ဟာ ပစ္စည်းတွေကိုအသုံးပြုတာ၊ ရှုပ်ထွေးတဲ့ပြဿနာတွေကို ဖြေရှင်းတာ၊ လူသားတွေရဲ့ မျက်နှာကို မှတ်မိနေတာ၊ အုပ်စုများအတွင်း ဆက်သွယ်တာနဲ့ အခြားအခြားသော အရာတွေကို ဆောင်ရွက်နိုင်ပါတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
5 years Ago