အမှိုက်ပုံ

April 26, 2018

အမှိုက်ပုံ မီးသတ်သမားများအား  လှူဒါန်းကူညီခဲ့သည့် ကလေးသရုပ်ဆောင် အိစိကွေး (ဓာတ်ပုံ)

ကလေးသရုပ်ဆောင်နဲ့ အဆိုတော် အိစိကွေးဟာ လှိုင်သာယာ အမှိုက်ပုံ မီးလောင်ကျွမ်းမှုမှာ  မီးငြှိမ်းသတ်နေကြတဲ့ မီးသတ်သမားတွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို သွားရောက်လှူဒါန်းခဲ့ပါတယ်။ အဲဒီဓာတ်ပုံတွေကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် မျှဝေထားခဲ့ချိန်မှာတော့ ဒီလုပ်ရပ်အတွက် ပရိသတ်တွေက ပီတိဖြစ် ချီးကျူးနေကြပြီး ကြိုက်နှစ်သက်သူ ၁ သောင်း ၇ ထောင်ကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ပုံတွေရဲ့ အညွှန်းမှာတော့ “အောက်ဆီဂျင် ၆ ဘူးထမင်းဟင်း၊ ရေခဲ၊ ရေသန့်၊ Mask၊ အချိုရည်၊ ဆေးဝါးများ၊ စနိုးတာဝါ၊ ဆေးလိပ်၊ ကွမ်းယာ လှူဒါန်းခဲ့ပါတယ်”လို့ ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။ ဒီပုံတွေကို မမျှဝေခင်မှာလည်း အိစိကွေးက ဖေ့စ်ဘွတ်ခ်ပေါ်မှ တိုက်ရိုက်ထုတ်လွှင့်မှုတခု လုပ်ခဲ့ပြီး ရေသန့်ဘူးတွေနဲ့ တခြားပစ္စည်းတွေကို ထမ်းပိုးကာ အမှိုက်ပုံတွင်းမှ မီးသတ်သမားတွေဆီ သယ်ဆောင်ကာ လှူဒါန်းခဲ့တာကို တွေ့ရပါတယ်။ ရန်ကုန် လှိုင်သာယာ ထိန်ပင်အမှိုက်ပုံမှာ ဧပြီ ၂၁ ရက်ကစပြီး ဒီကနေ့ မွန်းလွဲပိုင်းထိ  ရက်ကြာ မီးဆက်လောင်နေဆဲ ဖြစ်ပြီး ဆက်လက်မီးငြှိမ်းသတ်နေရဆဲ ဖြစ်ပါတယ်။
4 years Ago

April 24, 2018

ထိန်ပင် အမှိုက်ပုံ မီးငြှိမ်းသတ်ရန် မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂ ဆကျော်တိုးမြှင့် (ရုပ်သံ)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ထိန်ပင်သုသာန်အနီး အမှိုက်ပုံမှာ လောင်ကျွမ်းနေတဲ့ မီးလောင်မှုကို မီးသတ်ယာဉ်နဲ့ တပ်ဖွဲ့ဝင်အင်အား ၂ ဆကျော်တိုးမြှင့်ပြီး ငြှိမ်းသတ်နေတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ ထိန်ပင်သုသာန်နားက ဧက ၃၀၀ လောက်ရှိတဲ့ အမှိုက်ပုံဟာ လွန်ခဲ့တဲ့ ၃ ရက်၊ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက စလို့  ဒီကနေ့ထိ မငြိမ်းသေးဘဲ မီးလောင်နေခဲ့တာ ဖြစ်ပါတယ်။ မီးလောင်မှုကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ် ၂၄ စီး၊ သန္ဓေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်ပေါင်း ၁၅၀ နဲ့ ငြှိမ်းသတ်နေရာက ဒီနေ့မှာတော့ မီးငြှိမ်းသတ်ယာဉ် ၁၆ စီး၊ မီးသတ်ရေသယ်ယာဉ် ၁၄ စီး၊ မီးသတ်အထောက်အကူပြုယာဉ် ၆ စီး၊ အုပ်ချုပ်မှုယာဉ် ၆ စီး၊ မီးသတ်စက်ယာဉ် ၁ စီး၊ မိတ်ဖက်ယာဉ် ၄ စီး၊ စုစုပေါင်း ၄၇ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၁၃ ယောက်၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၁၁ ယောက်၊ စုစုပေါင်း ၃၂၄ ယောက်နဲ့ ငြှိမ်းသတ်နေတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ လက်ရှိအချိန်အထိ ဧက ၁၀၀ လောက် မီးလောင်နေတာကြောင့် မီးခိုးတွေ အဆမတန် ထွက်နေပြီး မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်မြောက်ပိုင်းနဲ့ တခြားလေလလမ်းကြောင်း သင့်ရာ မြို့နယ်တွေမှာ မီးခိုးညှော်နံ့တွေ ဖြစ်နေပါတယ်။ ဒါကြောင့် အသက်ရှူကျပ်တဲ့ လူနာ ၆၀ လောက်ကို ညတွင်းချင်း အရေးပေါ် ဆေးကုသပေးခဲ့ရပြီး လူ ၁၀ ယောက်ထက်မနည်း လှိုင်သာယာဆေးရုံကို တင်လိုက်ရတယ်လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောပါတယ်။ ရုပ်သံ - Myanmar Fire Services Department
4 years Ago
Up