အမှိုက်ညစ်ညမ်းမှု

May 25, 2018

ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်လာနေသည့် ပလတ်စတစ် အမှိုက်ညစ်ညမ်းမှု(ဓာတ်ပုံများ)

လူသားတွေ နေထိုင်တဲ့ ပတ်ဝန်းကျင်က လေထု၊ ရေထုတွေ ညစ်ညမ်းလာမှုဟာ ကျန်းမာရေးဆိုင်ရာ နေ့စဉ်ဘဝအပေါ် ရိုက်ခတ်လာနေပြီး အဲဒီလို ဖြစ်စေတဲ့အကြောင်းရင်းတွေထဲမှာ ပလတ်စတစ် စွန့်ပစ်အမှိုက်တွေဟာလည်း အကြောင်းရင်းတခုအနေနဲ့ ပါဝင်နေပါတယ်။ လာမယ့်ဇွန်လမှာ ထွက်ရှိမယ့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မဂ္ဂဇင်းတစောင်ဖြစ်တဲ့ နေရှင်နယ် ဂျီအိုဂရပ်ဖစ်မဂ္ဂဇင်းမှာတော့ ကမ္ဘာတလွှား သမုဒ္ဒရာတွေ၊ ကမ်းရိုးတန်းတွေ၊ မြစ်တွေထဲ ရောက်ရှိလာခဲ့တဲ့ မြောက်မြားလှစွာသော ပလတ်စတစ်စွန့်ပစ်အမှိုက်ကြောင့် ညစ်ညမ်းစေရမှုတွေကို မီးမောင်းထိုး ဖော်ပြထားခဲ့ပါတယ်။ သားရိုင်းတိရစ္ဆာန်တွေရဲ့ ကမ္ဘာ၊ အထူးသဖြင့် အဏ္ဏဝါရေပြင်အောက်က သတ္တဝါတို့ရဲ့ ကမ္ဘာမှာတော့ ပလတ်စတစ်ဟာ တကယ့်ကို ကြီးကြီးမားမား အန္တရာယ်တခုလို ခြိမ်းခြောက်လာနေခဲ့ပါပြီ။ ပထမဓာတ်ပုံထဲမှာတော့ စပိန်နိုင်ငံ၊ ကမ်းခြေတခုမှာ ပလတ်စတစ်ငါးဖမ်းပိုက်တခုနဲ့ ငြိနေခဲ့တဲ့ လိပ်ကလေးတကောင်ကို တွေ့ရပါတယ်။ တကယ်လို့များ ဓာတ်ပုံဆရာနဲ့သာ မတွေ့ခဲ့ဘူးဆိုရင် သူဟာ ဒီပိုက်ကွန်ထဲက ရုန်းထွက်ပြီး အသက်ရှူနိုင်မှာ မဟုတ်ဘဲ သေသွားနိုင်ခြေသာ ရှိနေခဲ့တာပါ။ နောက်တပုံမှာတော့ ဂျပန်နိုင်ငံ၊ အိုကီနာဝါကမ်းခြေမှာ ရိုက်ကူးထားခဲ့တဲ့ ဝင်ကစွပ်ကောင်လေးတွေ ဖြစ်ပြီး သူတို့ရဲ့ နူးညံ့တဲ့ အပေါ်ယံဝမ်းဗိုက်ကို ကာကွယ်ဖို့ ကမ်းခြေမှာ စွန့်ပစ်ခဲ့တဲ့ ပလတ်စတစ်ခွံတွေကို အသုံးပြုပြီး အန္တရာယ်ဖြစ်လာစေနိုင်တာကို ပြထားခဲ့တာ ဖြစ်ပါတယ်။ ပလတ်စတစ်အိတ်တအိတ်ဟာ တကြိမ်ထက် ပိုပြီး သတ်နိုင်ပါတယ်။ ဘာလို့လည်း ဆိုတော့ ပလတ်စတစ်က ကြာရှည်ခံနိုင်စွမ်းရှိလို့ပါပဲ။ နောက်ထပ်တပုံမှာတော့ စပိန်နိုင်ငံမှာ ပလတ်စတစ်အိတ်တအိတ် ခေါင်းမှာ စွပ်မိနေတဲ့ ငှက်ကျားတကောင်ရဲ့ ပုံကို ဖော်ပြထားပြီး အချိန်မီသာ ဒါကို မချွတ်ပေးနိုင်ခဲ့ဘူးဆိုရင် သူဟာ သေသွားနိုင်ပါတယ်။ ပလတ်စတစ်အမှိုက်တွေကြောင့် မမြင်နိုင်တဲ့၊ သေးငယ်တဲ့ အကောင်ပလောင်တွေကိုသာ ပြိုကွဲသွားစေတယ်လို့ ထင်နိုင်စရာရှိပေမယ့် အဏ္ဏဝါဗေဒဝန်းကျင်မှာတော့ ဂေဟစနစ်ကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ နောက်ထပ်ပုံတပုံမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမျိုးသမီးတဦးရဲ့ပုံကို ဖော်ပြထားခဲ့ပြီး စွန့်ပစ်ပလတ်စတစ်အိတ်တွေကို ပြန်လည်သန့်စင်အခြောက်ခံနေတဲ့ လုပ်ငန်းခွင်တွင်းမှာ ရိုက်ကူးထားခဲ့တာကို တွေ့ရပါတယ်။ ကံကောင်းထောက်မစွာပဲ တကမ္ဘာလုံးမှာ ပလတ်စတစ်တွေကို ပြန်လည်သုံးစွဲနိုင်ဖို့ လုပ်ဆောင်နိုင်မှုဟာ အားလုံးရဲ့ ၅ ရာခိုင်နှုန်းသာရှိနေပြီး အမေရိကန်နိုင်ငံမှာတော့ ၁၀ ရာခိုင်နှုန်းအောက်သာ ပြန်လည်သုံးစွဲနိုင်တယ်လို့ ဆိုပါတယ်။ နောက်ထပ်ပုံတပုံထဲမှာတော့ အီသီယိုပီးယားနိုင်ငံမှ စွန့်ပစ်ပလတ်စတစ်အမှိုက်ပုံထဲမှာ သားငှက်တိရစ္ဆာန် အသေကောင်တွေကို ရှာဖွေစားသောက်နေတဲ့ ဟိုင်အီးနာ ခွေးအတွေကို တွေ့ရပြီး သူတို့ရဲ့ စားသောက်နေထိုင်မှုပုံစံတွေဟာလည်း ပြောင်းလဲလာနေခဲ့ပြီလို့ သတင်းမှာ ဖော်ပြပါတယ်။ သူတို့ဟာ အနီးအနားမှာ လာရောက်စွန့်ပစ်တဲ့ အမှိုက်ကားတွေရဲ့ အနံ့ခံနေပြီး သူတို့ရဲ့ အစာကို ဒီအမှိုက်ပုံထဲကနေ ရှာဖွေစားသောက်နေခဲ့ရတယ်လို့ ဆိုပါတယ်။
4 years Ago
Up