အမိန့်ပေး

January 1, 2018

ကာလ၀မ်းရောဂါ တိုက်ဖျက်ရေး ကူညီရန် စစ်တပ်ကို ဇမ်ဘီယာသမ္မတ အမိန့်ပေး

ဇမ်ဘီယာနိုင်ငံအတွင်း ကာလဝမ်းရောဂါ ကူးစက်နေမှု တိုက်ဖျက်ရေးမှာ ကူညီဖို့ သမ္မတ အဒ်ဂါ လွန်ဂူက စစ်တပ်ကို အမိန့်ပေးခဲ့ပါတယ်။ ဇမ်ဘီယာနိုင်ငံမှာ စက်တင်ဘာ နှောင်းပိုင်းတည်းက စတင်ဖြစ်ပွားခဲ့တဲ့ ကာလဝမ်းရောဂါ ကူးစက်မှုကြောင့် မြို့တော်မှာ လူ ၄၁ ဦး သေပြီး အယောက် ၁၅၀၀ ကျော် နေမကောင်း ဖြစ်ခဲ့ပါတယ်။ သန့်ရှင်းရေး စံချိန်နဲ့ မပြည့်မီမချင်း နောက်ထပ်ကူးစက်မှု ဖြစ်စေနိုင်တဲ့ဘေး ရှိနေတဲ့ ဈေးတွေ၊ အရက်ဆိုင်တွေ တခြားနေရာတွေ အားလုံးကို ပိတ်ထားဖို့ အစိုးရ အရာရှိတွေက သတ်မှတ်ခဲ့ပါတယ်။ ရေကတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကို ထိန်းချုပ်ရေး အရေးပေါ် လုပ်ဆောင်ချက်တွေကိုလည်း အကောင်အထည်ဖော်ခဲ့ပါတယ်။ လုစာကာမြို့က ဆိုဝီတို ဈေးသစ်လို ဈေးတွေကိုလည်း ပိတ်ခဲ့ပါတယ်။ “မြို့သန့်ရှင်ရေးအတွက် စစ်သည်အယောက် တထောင်ကို တာဝန်ချထားတယ်၊ ရလဒ်ကို တိုင်းတာပြီးရင် ပိုပြီး တာဝန်ချကောင်းချမယ်” လို့ သမ္မတရဲ့ ပြောခွင့်ရ အားမို့စ် ချန်ဒါက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ ကူးစက်မှုဟာ အစောပိုင်းမှာ ရေဆိုးတွေကနေ ကူးစက်နိုင်တဲ့ လုစာကာမြို့ရဲ့ လူထူတဲ့ အစိတ်အပိုင်းတွေမှာ စတင်ကူးစက်ခဲ့တာပါ။ နောက်ပိုင်းမှာ ကာလဝမ်းဟာ လူနေ သိပ်သည်းမှု နည်းတဲ့ ဒေသဆီကို ပြန့်လာတယ်လို့ အရာရှိတွေက ပြောပါတယ်။ ရုတ်တရက် အရည်ချည်းသာပါတဲ့ ဝမ်းတွေ ဒလဟော သွားတတ်တဲ့ လက္ခဏာရှိတယ်လို့ ဆိုပါတယ်။ ကာလဝမ်းရောဂါကို ပုံမှန် ဓာတ်ဆားဖျော်ရည်နဲ့ ကုသနိုင်ပေမယ့် ရောဂါက အမြန်ကူးစက်လို့ ဆေးမကုလိုက်ရဘဲ နာရီပိုင်းအတွင်း လူသေဆုံးမှု ဖြစ်နိုင်တယ်လို့ ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
4 years Ago
Up