အမိန့်ချမှတ်

June 27, 2018

ကလေးစစ်သားဟောင်း အောင်ကိုထွေးကို တရားရုံးပြောင်းစစ်ဆေးခွင့် အမိန့်ချမှတ်

ကလေးစစ်သားဟောင်း အောင်ကိုထွေးဟာ လက်ရှိစစ်ဆေးနေတဲ့ ဒဂုံဆိပ်ကမ်း တရားရုံးမှာ ဆက်လက်တရားစစ်ဆေးခြင်း မပြုလုပ်လိုတာကြောင့် တရားရုံးပြောင်းပေးဖို့ လျှောက်ထားမှုကို ဇွန်လ ၂၆ ရက်က ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးမှာ တရားရုံးပြောင်းခွင့် အမိန့်ချမှတ်ခဲ့ပါတယ်။ ကလေးစစ်သားဟောင်း အောင်ကိုထွေးကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က စွဲဆိုခဲ့တဲ့ ပုဒ်မ ၅၀၅ (ခ)နဲ့ ပုဒ်မ ၂၂၈တို့နဲ့ ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ပြီး၊ ထပ်တိုးပုဒ်မနဲ့ ထပ်မံ တရားစွဲဆိုထားတာကြောင့် ဒဂုံဆိပ်ကမ်းတရားရုံးမှာ ဆက်လက်စစ်ဆေးပါက တရားမျှတမှု မရရှိမှာ စိုးရိမ်တဲ့အတွက် သူ့ရဲ့ ရှေ့နေက တရားရုံးပြောင်းရွှေ့ခွင့် လျှောက်ထားခဲ့တာပါ။ ကလေးစစ်သားဟောင်း အောင်ကိုထွေးဟာ RFA သတင်းဌာနကို သူကြုံတွေ့ခဲ့ရတဲ့ ကလေးစစ်သားအတွေ့အကြုံတွေကို ပြန်လည်ပြောပြခဲ့တာကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။ ဒဂုံဆိပ်ကမ်းတရားရုံးကနေ ပုဒ်မ ၅၀၅(ခ) နဲ့ စွဲချက်တင်​နေရင်းပဲ တရားရုံးမှာ အစစ်​မခံဘဲ ဆန္ဒထုတ်​​ဖော်​တာ​ကြောင့် တရားရုံး မထီမဲ့မြင်​မှု နိုင်​ငံ​တော်​တံဆိပ်​​ခေါင်းဥပ​ဒေ စတာ​တွေနဲ့ ထပ်​တိုးတရားစွဲခံရတာပါ။ အောင်ကိုထွေးဟာ ပုဒ်မ ၂၂၈ အတွက် ထောင်ဒဏ် ၆ လ ချမှတ်ခံခဲ့ရသလို ပုဒ်မ ၅၀၅ (ခ) အတွက်ကို ​ထောင်​ဒဏ်​ ၂နစ်​ချမှတ်​ခံခဲ့ရပါတယ်။ အခုလို အမှုတွေ ထပ်တိုးပြီး ပြစ်ဒဏ်တွေ ချမှတ်တဲ့အတွက် ဒဂုံဆိပ်ကမ်းတရားရုံးမှာ ထပ်မံစစ်ဆေးဖို့ မပြုလုပ်ဖို့နဲ့ ရုံးပြောင်းပေးဖို့ အောင်ကိုထွေးဘက်ကနေ လိုက်လံဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က အရှေ့ပိုင်းခရိုင်တရားရုံးကို လျှောက်ထားခဲ့ရာမှာ မနေ့က ရုံး​ပြောင်းဖို့ အမိန့်ချမှတ်ခဲ့တာပါ။ ​​အောင်​ကို​ထွေးဟာ လက်​ရှိမှာ​ နောက်​တိုးပုဒ်​မ နိုင်ငံ​တော်​တံဆိပ်​​ခေါင်း ဥပ​ဒေအတွက်​ ထပ်​မံ တရားရင်​ဆိုင်​ရဦးမှာ ဖြစ်​ပါတယ်​။
3 years Ago

October 14, 2017

လူ ၄ ဦး စားသည့် ကျားမအား သေနတ်ဖြင့်ပစ်သတ်ရန် အမိန့်ချမှတ်

အိန္ဒိယနိုင်ငံ အနောက်ဖက်ပြည်နယ် မဟာရာဂျာ တရားရုံးက လူ ၄ ဦးကို သတ်ခဲ့တဲ့ ၂ နှစ်သားအရွယ် ကျားမကို သတ်မိန့်ချဖို့ အတည်ပြုလိုက်တယ်လို့ ဘီဘီစီသတင်းမှာ အောက်တိုဘာလ ၁၃ ရက်နေ့က ဖော်ပြထားပါတယ်။ သတ်မိန့်မချခင် ကျားမက မဟာရာဂျာပြည်နယ် ဘရာမာ့ပူရီမြို့မှာ လူ ၂ ဦးကို သတ်ပြီး လူ ၄ ဦးကို ဒဏ်ရာရစေခဲ့တာပါ။ ဇွန်လ ၂၃ ရက်နေ့မှာ သစ်တောဌာနက ချမှတ်ခဲ့တဲ့ ကျားမအား သေဒဏ်ပေးတဲ့အမိန့်ကို တောရိုင်းတိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေး တက်ကြွလှုပ်ရှားသူတွေက ဆန့်ကျင်ခဲ့ကြသေးပါတယ်။ ကျားကို ကျားသီးသန့်ထား ဘေးမဲ့တောမှာ လွှတ်ပေးခဲ့ပေမယ့် နောက်ထပ် လူ ၂ ဦးကို ထပ်မံသတ်ခဲ့တယ်လို့ သိရပါတယ်။ ကျားကို သတ်တဲ့အမိန့်ကို ဆန့်ကျင်တဲ့ ဒေါက်တာ ဂျယ်ရိုးဘာနိတ်က ချမှတ်တဲ့အမိန့်ကို အိန္ဒိယနိုင်ငံတော်အဆင့် တရားရုံးမှာ သူအနေနဲ့ ကန့်ကွက်သွားမယ်လို့ ပြောပါတယ်။ တိရစ္ဆာန်အရေးတက်ကြွလှုပ်ရှားသူတွေက ကျားမကို မေ့ဆေးပေးပြီး အခြားနေရာကို ရွှေ့ပြောင်းသင့်တယ်လို့ တောင်းဆိုလိုက်ပေမယ့် ပြည်နယ်တွင်း ဒေသခံတွေကြားထဲမှာ စိုးရိမ်မှုက မြင့်တက်နေတာပါ။ အိန္ဒိယနိုင်ငံမှာ ကမ္ဘာပေါ်ရှိ ကျား ၆၀ ရာခိုင်နှုန်း နေထိုင်နေတာဖြစ်ပြီး လူနေအိမ်တွေ ဖျက်ဆီးမှုနဲ့ ကျားဖမ်းသမားတွေကြောင့် ကျားတွေအတွက် ခြိမ်းခြောက်မှုအန္တရာယ်ဖြစ်နေပါတယ်။ တောတွေထဲ လူတွေ ကျူးကျော်နေထိုင်မှု တိုးမြင့်လာတာနဲ့အတူ သဘာဝအရင်းအမြစ်တွေကို အနီးအနားက ရွာသားတွေနဲ့ ကျားတွေ မကြာခဏ အပြိုင်ရယူမှုက ကျားတွေနဲ့လူတွေအကြား ပဋိပက္ခကို ဖြစ်စေပါတယ်။ ကျားတွေသေဆုံးမှုက ပြီးခဲ့တဲ့နှစ်အတွင်း ပုံမှန်တိုးမြင့်လာပြီး ၂၀၁၅ ခုနှစ်မှာ ကျားကောင်ရေ ၈၀ သေဆုံးတယ်လို့ အိန္ဒိယအာဏာပိုင်တွေ ထုတ်ပြန်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ၇၈ ကောင် သေဆုံးတယ်လို့ ဆိုပါတယ်။
4 years Ago
Up