အမိန့်ထုတ်

February 9, 2021

ဝန်ထမ်းများ ရုံးတက်/မတက် တင်ပြရန် လဟယ်ဌာနဆိုင်ရာအကြီးအကဲများကို အမိန့်ထုတ်

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လဟယ်မြို့မှာ ဝန်ထမ်းတွေ ရုံးတက်ရောက်ခြင်း ရှိ/မရှိ မှတ်တမ်းလုပ်ပြီး တင်ပြဖို့ ဌာနအသီးသီးက အကြီးအကဲတွေကို လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဖေဖော်ဝါရီ ၈ ရက်နေ့က အမိန့်ထုတ်ပြန်ထားပါတယ်။

ဌာနဆိုင်ရာ အကြီးအကဲတွေအနေနဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့ကစပြီး မိမိတို့ဌာနရှိ ဝန်ထမ်းတွေ ရုံးတက်ချိန်အတွင်း ရုံးတက်ရောက်မှု ရှိ/မရှိ၊ ပျက်ကွက်ပါက ခွင့်တိုင်ကြားမှုရှိမရှိ မှတ်တမ်းတင်ပြီး နေ့စဉ် မနက် ၁၀ နာရီမှာ တင်ပြဖို့ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလက်မှတ်နဲ့ ညွှန်ကြားထားပါတယ်။

လဟယ်မြို့မှာ စိုက်ပျိုးရေးနှင့်မွေးမြူရေး ဝန်ကြီးဌာနအောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ထမ်းအယောက် ၃၀ လောက်က ဖေဖော်ဝါရီ ၈ ရက်နေ့ကစပြီး CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

နိုင်ငံတဝန်းမှာလည်း အာဏာသိမ်းစစ်အစိုးရ အလိုမကြောင်း ဆန္ဒပြပွဲတွေ ကျင်းပနေသလို ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာ/ဆရာမတွေအပါအဝင် ပြည်သူ့ဝန်ထမ်းတွေလည်း CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ပြီး ဆန္ဒပြနေကြပါတယ်။

2 months Ago

August 27, 2020

ဆန္ဒပြ ဆရာဝန်များ လုပ်ငန်းခွင် ပြန်ဝင်ကြရန် တောင်ကိုရီးယားအစိုးရ အမိန့်ထုတ်

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ ဆန္ဒပြနေတဲ့ ဆရာဝန်တွေ လုပ်ငန်းခွင် ပြန်ဝင်ကြဖို့ အစိုးရက သြဂုတ် ၂၆ ရက်မှာ အမိန့်ထုတ်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်လို ကျန်းမာရေးအကြပ်အတည်းကာလကို ကိုင်တွယ်ဖြေရှင်းဖို့ ဆရာဝန်အရေအတွက် တိုးမြှင့်ရေးအပါအဝင် အစိုးရအဆိုပြုချက် အတော်များများပါဝင်တဲ့ ၃ ရက်ကြာ ဆန္ဒပြပွဲကို ဆရာဝန်တွေက စတင်ခဲ့တာပါ။ အရပ်သားတွေရဲ့အသက်နဲ့ ဘေးကင်းမှုအန္တရာယ် မကျအောင်လုပ်ဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်ဖို့ လိုအပ်တဲ့ ဥပဒေအရ အရေးယူမှုတွေကို လုပ်ဖို့က လွဲလို့ အစိုးရမှာ တခြားရွေးစရာ မရှိတော့ဘူးလို့ ကျန်းမာရေးဝန်ကြီး ပတ်ခ်နောင်းဟူးက သြဂုတ် ၂၆ ရက် သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောပါတယ်။ ဗုဒ္ဓဟူးနေ့မှာ စတဲ့ ၃ ရက်ကြာ ဆန္ဒပြပွဲကို ထောင်ချီတဲ့ ဆရာဝန်တွေအပြင် အလုပ်သင်ဆရာဝန်တွေပါ ပူးပေါင်းခဲ့ပါတယ်။ တောင်ကိုရီးယားမှာ သြဂုတ် ၂၅ ရက်က ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကူးစက်ခံ လူနာသစ် အယောက် ၃၂၀ ထိ စံချိန်တင်တိုးနေချိန်မှာ ဆရာဝန်တွေရဲ့ ချီတက် ဆန္ဒပြပွဲ ပေါ်ပေါက်ခဲ့တာပါ။  ဆန္ဒပြပွဲကြောင့် နိုင်ငံတွင်း အဓိကအထွေထွေရောဂါကုဆေးရုံကြီး ငါးရုံမှာ အလုပ်ချိန် ကန့်သတ်ခဲ့ရပြီး ခွဲစိတ်မယ့် အစီအစဉ်တွေကိုလည်း ရွှေ့ဆိုင်းခဲ့ရတယ်လို့ ယုံဟပ်သတင်းမှာ ဖော်ပြပါတယ်။  ဒီအပတ်အစောပိုင်းမှာ အစိုးရနဲ့ ဆရာဝန်တွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာတွေကို ဆက်လက် ကိုင်တွယ်ရေးသဘောတူညီချက် ရခဲ့ပေမယ့် ပိုကျယ်ပြန့်တဲ့ကိစ္စတွေကို ညှိနှိုင်းလို့ မရခဲ့ပါဘူး။
8 months Ago
More News
Up