အမရာတိုင်းရင်းသား

May 31, 2018

အသက်ရှူလမ်းကြောင်းစနစ် ကောင်းစေရန် မြည်းနို့သောက်သည့် အမရာတိုင်းရင်းသားများ (ရုပ်သံ)

ဘိုလီးဗီးယားနိုင်ငံက ဌာနေတိုင်းရင်းသားတွေဖြစ်တဲ့ အမရာတိုင်းရင်းသားတွေဟာ အသက်ရှူလမ်းကြောင်းစနစ် ကောင်းမွန်စေဖို့အတွက် မြည်းနို့ကို ရိုးရာဆေးအဖြစ် မှီဝဲသုံးဆောင်လေ့ရှိပါတယ်။ အမာရာလူမျိုးတွေကတော့ မြည်းနို့ဟာ အဆုတ်ရောဂါကို ကုသပေးပြီး ကိုယ်ခံအားစနစ်လည်း ကောင်းစေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီဓလေ့ဟာ ဘိုလီးဗီးယား ကုန်းမြင့်ဒေသမှာ ပျောက်ကွယ်လုနီး ဖြစ်နေပါပြီ။ ဒါပေမယ့်လည်း အသက် ၄၅ နှစ်အရွယ် ဂျက်စတင်နာ ဖလောရက်စ်ကတော့ အသက်ရှူလမ်းကြောင်း ရောဂါအတွက် မြည်းနို့သောက်တဲ့ ရိုးရာဓလေ့ကို ထိန်းသိမ်းနေသူတဦး ဖြစ်ပါတယ်။ သူက အယ်လ် အော်လ်တိုမြို့ခံတချို့ကို မြည်းနို့ ပုံမှန်ရောင်းချနေသူပါ။ ဒီဓလေ့ဟာ ဘိုးဘွားဘီဘင်တွေက ဆင်းသက်လာလို့ ဘိုလီးဗီးယားနိုင်ငံမှာ သိသူဖော်စား မသိကျော်သွား ဆေးနည်းတမျိုး ဖြစ်နေပြန်ပါတယ်။ ဖလောရက်စ်ဟာ မြို့ထဲက မထင်မရှား နေရာတခုမှာ မြည်းတွေကို စတည်းချပါတယ်။ အဲဒီမှာပဲ မြည်းနို့ညှစ်ပြီး သောက်လိုသူတွေကို ရောင်းတာပါ။ မြို့ခံ မီဂဲကွန်တိုရီကတော့ မြည်းနို့ဟာ ရင်ကျပ်ပျောက်စေတယ်ဆိုပြီး ကြားလို့ သောက်တာလို့ ပြောပါတယ်။ “မြည်းနို့က ကောင်းတယ်ပြောတယ်၊ ကျနော်က အဆုတ်လည်းမကောင်းတော့ မြည်းနို့သောက်တာပါ။ အလုပ်စလုပ်ကတည်းက ရင်ကျပ်ရောဂါဖြစ်တာ၊ အခု မြည်းနို့သောက်တာ ခြောက်လလောက်ရှိလာတော့ နာကျင်တာပျောက်တဲ့အစွမ်း ပြလာတယ်၊ သောက်ကြည့်ကြပါ၊ ဒါမှပဲ ကျန်းမာရေးကောင်းမှာကိုး” လို့ သူကပြောပါတယ်။ တရီဖိုးနီးယား မိုဒါလက်စ်ကလည်း အသက်ရှူလမ်းကြောင်းရောဂါပျောက်ဖို့ သူ့သား  အလိတ်အလက်ဇန်းဒါးကို မြည်းနို့သောက်ခိုင်းနေပါတယ်။ “ချောင်းဆိုးတာနဲ့ အဆုတ်ရောဂါအတွက် ကောင်းတယ်လို့ ပြောကြတာပဲ။ ဒါကြောင့် ကျမသားကို ခေါ်လာပြီး သောက်ခိုင်းတာ၊ ဆေးသောက်တာထက် ကောင်းတယ်တဲ့” လို့ သူကပြောပါတယ်။ မြည်းနို့ဟာ ရောဂါကုသနိုင်တဲ့အစွမ်းရှိတယ်ဆိုတာ သိပ္ပံနည်းကျ လေ့လာထားတာ မရှိသေးပါဘူး။ ဒါ့အပြင် ဘိုလီးဗီးယားနိုင်ငံမှာ မြည်းနို့ရောင်းတာဟာလည်း သန့်ရှင်းမှုနဲ့ပတ်သက်တဲ့ အခြေအနေကြောင့် တရားမဝင်ဘူးလို့ သိရပါတယ်။
3 years Ago
Up