အမရပူရမြို့နယ်တွင် ဆီတင်ဆီချ ဆိပ်ခံတံတား ဖွင့်လှစ်

A d v e r t i s e m e n t With Us

June 2, 2019

အမရပူရမြို့နယ်တွင် ဆီတင်ဆီချ ဆိပ်ခံတံတား ဖွင့်လှစ်

မြန်မာနိုင်ငံ အထက်ပိုင်းကို စက်သုံးဆီသိုလှောင်ဖြန့်ဖြူးဖို့ ရည်ရွယ်ချက်နဲ့ မန္တလေးတိုင်းဒေသကြီး ဆီတင်ဆီချဆိပ်ခံတံတားနဲ့ စက်သုံးဆီ သိုလှောင်ကန်ဖွင့်ပွဲကို အမရပူရမြို့နယ် အိုးတုတ္တန်းလမ်းသစ်မှာ ဇွန်​ ၂ ရက်​နေ့က​ ပြုလုပ်ခဲ့ပါတယ်။ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က “ဒီပ​ရော့ဂျက်​တ​ခုကို ကျ​နော့်ဆီ စာတင်​တဲ့ အချိန်​မှာ စိုးလည်း စိုးရိမ်​တယ်​၊ ​ကြောက်​လည်း ​ကြောက်​တယ်​။ ဘာ​ကြောင့်လဲဆို​တော့ ဒီ​နေ့ ​ဒီမိုက​ရေစီ​ခေတ်​မှာ ပွင့်လင်းမြင်​သာမှု ရှိရမယ်​၊ တာဝန်​ယူမှု တာဝန်​ခံမှုရှိရမယ်​။ ဒီလိုစက်​သုံးဆီနဲ့ ပတ်​သက်​လာလို့ရှိရင်​ တခုခုဖြစ်​သွားရင်​ ကျ​နော်​တို့က တာဝန်​ခံရမှာပါ။ အထူး သဖြင့် ဒီ​နေရာဟာ အချက်​အချာကျတဲ့​ နေရာပါ။ တနည်းအားဖြင့် တံတားဦး​ရှေး​ဟောင်းနယ်​​မြေနဲ့ နီးတယ်​။ ဧရာဝတီ၊ ဒုတ္ထဝတီမြစ်​ငယ်​မြစ်​တို့ ဆုံတဲ့​နေရာဖြစ်​တဲ့အတွက်​ ​တော်​​တော်​ကို သတိထားရပါတယ်​။” လို့ ပြောပါတယ်။ ဒီစီမံကိန်းဟာ တံတားဦးရှေးဟောင်းနယ်မြေနဲ့နီးတာကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ကန့်ကွက်လာနိုင်တာကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအစီအမံတွေနဲ့ စနစ်တကျ တည်ဆောက်ဖို့ ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။ ​ရွှေကြက်​ယက်​ဆိပ်ကမ်းမှာ ဆီကုန်​တင်​ကုန်​ချ လုပ်​​နေတာ မီးဘေးအန္တရာယ်​အတွက်​ စိုးရိမ်ရတဲ့အနေအထားကြောင့် ဒီစီမံကိန်းကို လုပ်ဆောင်တာလို့ ဆိုပါတယ်။ “ဒီစီမံကိန်း ဂါလန် ၂ သန်းဆံ့၊ အလုံး​ရေ ၃၄ လုံး တည်​​ဆောက်​သွားမှာဖြစ်​တယ်​။ ဒီက ကား​တွေ စက်​သုံးဆီရရှိဖို့အတွက်​ ဒီ​နေရာက​နေ အထက်​ဗမာပြည်​တခုလုံးကို ဖြန့်​ဖြူးမှာပါ။ စနစ်​ကျတဲ့ ဖြန့်​ဖြူးမှုမျိုးနဲ့ ဖြန့်​ဖြူးသွားမှာဖြစ်တယ်။” ဒီစီမံကိန်းကို မြန်မာ့စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီက အမရပူရမြို့နယ် အိုးတုတ္တန်းလမ်း အနောက်ဘက် ဧရာဝတီမြစ်နဲ့ ဒုဌ၀တီမြစ်အနီး မြေ ၄၁.၁၀ဧက အကျယ်ရှိ မြေနေရာမှာ ၂၀၁၅ ခုနှစ်က စတင်တည်ဆောက်ခဲ့တာပါ။ ဆီတင်ဆီချဆိပ်ခံတံတားနဲ့ စက်သုံးဆီ သိုလှောင်ကန်ဖွင့်ပွဲကို ​မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီးဒေါက်တာထွန်းနိုင်၊ MESDP Co.,Ltd မှ ဥက္ကဋ္ဌ ဒေါက်တာဝင်းမြင့် နယ်စပ်ရေးရာဝန်ကြီးနဲ့ တိုင်းဒေသကြီးအစိုးရက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
2 years Ago
Up