အမရစ်လာပေါ့ထ်

September 8, 2020

မန်စီးတီးကစားသမား ၂ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ

တိုက်စစ်မှူး ရီယာ့ဒ်မာရတ်ဇ်နဲ့ နောက်ခံလူ အမရစ်လာပေါ့ထ်တို့မှာ ကိုဗစ်-၁၉ ကူးစက်ခံနေရတယ်လို့ မန်စီးတီးအသင်းဘက်က အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။ ပရီးမီးယားလိဂ်ရာသီသစ်ကို လာမယ့် စက်တင်ဘာ ၁၂ ရက်မှာ စတင်တော့မှာဖြစ်ပေမဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲကစားခဲ့ရတဲ့ ဂွါဒီယိုလာရဲ့အသင်းကတော့ တခြားအသင်းတွေထက်ပိုပြီး အနားရမှာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ဝုဗ်အသင်းနဲ့ စက်တင်ဘာ ၂၁ ရက်မှာ ကစားရမှာပါ။ လက်ရှိအချိန်မှာ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ ကစားသမား ၂ ဦးစလုံးဟာ သီးသန့်ခွဲခြား နေထိုင်နေပြီး ဝုဗ်နဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ပါဝင်နိုင်ဖို့လည်း မသေချာသေးပါဘူး။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ မန်စီးတီးအသင်းဘက်က တနင်္လာနေ့မှာ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး “ကစားသမား၂ ဦးစလုံးဟာ Quarantine နဲ့ပတ်သက်လို့ အစိုးရနဲ့ ပရီးမီးယားလိဂ် အဖွဲ့ချုပ်ရဲ့  ထုတ်ပြန်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ စောင့်ကြည့်မှုတွေ လုပ်ဆောင်နေပါတယ်။ ကစားသမား ၂ ဦးစလုံးမှာ ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ ရောဂါလက္ခဏာတွေ ပြသခြင်း မရှိကြောင်းနဲ့ သူတို့နှစ်ဦးစလုံး ရာသီကြိုလေ့ကျင့်ရေးတွေမတိုင်ခင် ပြန်လည်ကျန်းမာလာစေဖို့ အသင်းမှာရှိတဲ့လူတိုင်းက ဆုတောင်းပေးကြောင်း” လို့ ဖော်ပြထားပါတယ်။  မန်စီးတီးအသင်းဘက်က ကြေညာချက်ထုတ်ပြန်ပြီး မကြာခင်မှာတင် လာပေါ့ထ်က “မက်ဆေ့ချ်ပို့ သတင်းမေးမြန်းခဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။ အရာအားလုံးဟာ ပြန်အဆင်ပြေသွားမှာပါ။ အခုချိန်မှာတော့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း နေထိုင်နေပြီး မကြာခင် ပြန်လာခဲ့ပါမယ်။ အားလုံးပဲ ဂရုစိုက်ကြပါ” လို့ သူ့ရဲ့တွစ်တာမှာ ရေးသားခဲ့ပါတယ်။  မာရတ်ဇ်ကလည်း “သတင်းမေးသူတိုင်းကို ကျေးဇူးတင်ပါတယ်။ အခုချိန်မှာ နေလို့လည်း ကောင်းပါတယ်။ ဘေးကင်းအောင်နေပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါ” လို့ သူ့တွစ်တာမှာ ရေးသားခဲ့ပါတယ်။
1 year Ago
Up