အမတ် ၄ ဦး

November 12, 2020

ဒီမိုကရေစီလိုလားသူ အမတ် ၄ ဦးကို ဟောင်ကောင်လွှတ်တော်ထုတ်ပယ်

တရုတ်ပြည်မကြီးအစိုးရက ဟောင်ကောင်အစိုးရကို သဘောထားမတိုက်ဆိုင်သူတွေကို ကန့်သတ်ဖို့ အခွင့်အာဏာသစ်ပေးအပြီးမှာ ဒီမိုကရေစီလိုလားတဲ့ လွှတ်တော်အမတ် ၄ ယောက်ကို အရည်အချင်း မပြည့်မီမှုနဲ့ လွှတ်တော်ကနေ ထုတ်ပယ်ခဲ့ပါတယ်။  ဒီလုပ်ရပ်ကို ဆန့်ကျင်တဲ့အနေနဲ့ သူတို့လည်း နုတ်ထွက်မယ်လို့ ဟောင်ကောင်အတိုက်အခံ လွှတ်တော်အမတ်တွေက နိုဝင်ဘာ ၁၁ ရက်မှာ ပြောဆိုလိုက်ပါတယ်။  ဟောင်ကောင်လွတ်လပ်ရေးကို ထောက်ခံအားပေးမှု၊ နိုင်ငံခြားတပ်တွေနဲ့ ပူးပေါင်းမှု၊ နိုင်ငံ လုံခြုံရေးကို ခြိမ်းခြောက်မှုတွေ ဆောင်ရွက်တယ်လို့ ယူဆခံရတဲ့ လွှတ်တော်အမတ်တွေကို တရားရုံးတင်စရာမလိုဘဲ လွှတ်တော်ထဲကနေ ထုတ်ပယ်ဖို့ တရုတ်ပြည်မကြီးလွှတ်တော်က ဟောင်ကောင်အုပ်ချုပ်သူတွေကို နိုဝင်ဘာ ၁၁ ရက် မနက်အစောပိုင်းက အခွင့်အာဏာပေး ဆုံး ဖြတ်ချက် ချခဲ့တာပါ။  အဲ့ဒီနောက် မကြာခင်မှာပဲ ဟောင်ကောင်အစိုးရက ရွေးကောက်ပွဲဝင်ပြိုင်ခွင့် တားမြစ်ခံ လွှတ်တော်အမတ်တွေကို အရည်အချင်း မပြည့်မီကြောင်း ကြေညာခဲ့ပါတယ်။  ဒီလုပ်ရပ်ကြောင့် ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အဆင့်အတွက် အနောက်နိုင်ငံတွေ က စိုးရိမ်ခဲ့ကြပါတယ်။  “ဒီကနေ့မှာ ကျွန်တော်တို့ အစုလိုက်အပြုံလိုက် နုတ်ထွက်ကြောင်း ကြေညာမယ်”လို့ ဟောင်ကောင် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဝူချိဝေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။  ဒီနေ့ဟာ တနိုင်ငံ စနစ် ၂ မျိုး မူဝါဒ အဆုံးသတ်တဲ့နေ့ပဲလို့လည်း အတိုက်အခံအမတ်တွေ အားလုံးက ပြောပါတယ်။  ဗြိတိန်ဟာ ဟောင်ကောင်အပေါ် သူ့ရဲ့ ကိုလိုနီပြုအုပ်ချုပ်မှုကို ၁၉၉၇ မှာ အဆုံးသတ်ခဲ့ ပါတယ်။  ဟောင်ကောင်ကို အထူးကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးပြီး တနိုင်ငံ စနစ် ၂ မျိုး မူဝါဒနဲ့ အုပ်ချုပ်ဖို့ ကတိနဲ့အတူ ဟောင်ကောင်ကို တရုတ်နိုင်ငံဆီ ပြန်လွှဲပေးခဲ့တာ ဖြစ်ပါတယ်။  
1 year Ago
Up