အမတ်နေရာ အများဆုံးအနိုင်ရ

November 10, 2020

ရခိုင်ပြည်နယ်၌ ရခိုင်အမျိုးသားပါတီက အမတ်နေရာ အများဆုံးအနိုင်ရ

ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသားပါတီ (ANP) က လွှတ်တော်အမတ်နေရာအများဆုံး အနိုင်ရရှိတယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ပြောပါတယ်။  "ဝင်ပြိုင်တဲ့ အမတ်ဦးရေက ၂၆ ဦးရှိတယ်။ အနိုင်ရတာက ပြည်နယ်လွှတ်တော်နေရာအတွက် ၇ နေရာ ပြည်သူ့လွှတ်တော်အတွက် ၄ နေရာနဲ့ အမျိုးသားလွှတ်တော်အတွက် ၄ နေရာ အားလုံး ၁၅ နေရာအနိုင်ရထားတယ်။" လို့ ဒီဗွီဘီကို ပြောပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ  ရခိုင်ပြည်နယ်ရှိ ပြည်ထောင်စုလွှတ်တော် မဲဆန္ဒနယ် ၁၃ နေရာအနက် ရခိုင်အမျိုးသားပါတီ (ANP) က ၈ နေရာအထိ အပြတ်အသတ် အနိုင်ရရှိခဲ့တယ်လို့ ပါတီဗဟိုအောင်နိုင်ရေးကော်မတီက သိရှိရပါတယ်။ ANP ဟာ စစ်တွေ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ မာန်အောင်မြို့နယ်တို့ရှိ မဲဆန္ဒနယ်တွေမှာ ပြည်သူ့လွှတ်တော်နေရာ ၄ နေရာ အနိုင်ရရှိခဲ့တာလည်းဖြစ်ပြီး အမျိုးသားလွှတ်တော်မှာလည်း မဲဆန္ဒနယ် အမှတ် (၃) စစ်တွေမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) ရမ်းဗြဲနဲ့  အမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁၂) တောင်ကုတ်မြို့နယ်တို့မှာ ၄ နေရာ အနိုင်ရရှိခဲတာပါ။ စစ်တွေ၊ ရမ်းဗြဲ၊ မာန်အောင်မြို့နယ်တို့မှာ ပြည်နယ်လွှတ်တော် ၂ နေရာစီနဲ့ တောင်ကုတ်မှာ ၁ နေရာ အနိုင်ရရှိခဲ့တဲ့အတွက် စုစုပေါင်း ပြည်နယ်လွှတ်တော် ၇ နေရာလည်း အနိုင်ရခဲ့ပါတယ်။ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး အပါအဝင် ပြည်နယ်လွှတ်တော်နေရာ ၁၅ နေရာအနက်  ANP က ၇ နေရာ၊ အန်အယ်လ်ဒီက ၄ နေရာ၊ ရခိုင့်ဦးဆောင်ပါတီက ၂ နေရာနဲ့ ကြံ့ခိုင်ရေးပါတီက ၁ နေရာ အသီးသီး အနိုင်ရထားကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ANP ပါတီက အမျိုးသားလွှတ်တော် ၁၀ နေရာ၊ ပြည်သူ့လွှတ်တော် ၁၂ နေရာနဲ့  ပြည်နယ်လွှတ်တော် ၃၅ နေရာအနက် ၂၂ နေရာ အနိုင်ရခဲ့တာပါ။ နိုဝင်ဘာ ၈ နေ့ ကျင်းပခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်ရှိ ရခိုင်မြောက်ပိုင်းမြို့နယ် ၉ မြို့နယ်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ဘဲ တောင်ပိုင်းရှိ သံတွဲ၊ မာန်အောင်၊ ဂွ နဲ့ ရမ်းဗြဲမြို့နယ်တွေမှဦသာ  နေရာပြည့်ကျင်းပခဲ့ကာ စစ်တွေ၊ တောင်ကုတ်၊ အမ်း၊ ကျောက်ဖြူမြို့နယ်တို့မှာတော့  နေရာတချို့မှာသာ  ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အန်အယ်လ်ဒီပါတီ အားကောင်းတဲ့ တောင်ပိုင်းမြို့နယ်တွေမှာ  ANP အနေနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပေမဲ့  နေရာအများစုမှာ အနိုင်ရခဲ့တယ်လို့ သိရပါတယ်။ သတင်း - လင်းလက်  
1 year Ago
Up