အမည်မသိသေဆုံး အလောင်း

A d v e r t i s e m e n t With Us

January 8, 2021

ဝမ်းတွင်းမြို့နယ်တွင် အမည်မသိသေဆုံး အလောင်း ၂ လောင်းတွေ့

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ ဇန်နဝါရီ  ၇ ရက်နေ့က မီးရထားသံလမ်းဘေးမှာ အမည်မသိသေဆုံးအလောင်း တစ်လောင်းထပ်တွေ့ရပြီး သီတင်းနှစ်ပတ်ကျော်ကာလအတွင်း မှာ အမည်မသိ သေဆုံးအလောင်း နှစ်လောင်းတွေ့ခဲ့တယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက သိရပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်းတာဝန်ကျ ရဲအရာရှိက "ပြင်ပဒဏ်ရာတော့ မတွေ့ရပါဘူး။ သဲတောမြို့ မီရထားသံလမ်းဘေးမှာ အမည်မသိအလောင်း တစ်လောင်း တွေ့တယ်။ ဒီဇင်ဘာလ ၂၀ ရက်နေ့က ဝမ်းတွင်းအမှတ် ၂ ရပ်ကွက် ဝမ်းတွင်းဆည်တံတား မြောက်ဘက်ဘေးမှာ အမည်မသိ အလောင်း တစ်လောင်းတွေ့တယ်"လို့ ပြောပါတယ်။ ဇန်နဝါရီ ၇ ရက်နေ့မှာ ရန်ကုန်-မန္တလေး မီးရထားသံလမ်းမိုင်တိုင် ၃၂၁/၅နဲ့ ၆ အကြား မီးရထားသံလမ်းအနောက်ဘက် ၁၀ ပေခန့်အကွာရှိ ကန္တရချုံထဲမှာ အမည်မသိ အသက် ၆၅ နှစ်လောက်အရွယ်  အမျိုးသားအလောင်း တစ်လောင်းတွေ့ခဲ့ရတာပါ။  အလောင်းကို ခွေးတွေဝိုင်းအုံနေလို့ သွားကြည့်ရာက သက်ဆိုင်ရာကတွေ့ရှိခဲ့တာ ဖြစ်ပြီး  ပြင်ပဒဏ်ရာ မတွေ့ရပဲ လွန်ခဲ့တဲ့ ၃ ရက်လောက်က အဟာရချို့တဲ့ အအေးပတ် သေဆုံးတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ခန့်မှန်းထားပါတယ်။ အလားတူ ဒီဇင်ဘာလ ၂၀ ရက်ကလည်း ရန်ကုန်-မန္တလေးလမ်းဟောင်း ဝမ်းတွင်းဆည်တံတားမြောက်ဘက် ကန္တာရချုံထဲမှာ အမည်မသိ အသက် ၃၀ လောက် အရွယ်ရှိ အမျိုးသားအလောင်း တစ်လောင်းတွေ့ရှိခဲ့ပါတယ်။ အပုပ်နံ့ထွက်လာတာကြောင့် ရှာဖွေကြရာက တွေ့ရှိတာဖြစ်ပြီး ပြင်ပဒဏ်ရာမတွေ့ရပဲ မသေဆုံးခင် လွန်ခဲ့တဲ့ ၅ ရက်လောက်က အဟာရချို့တဲ့ အအေးပတ် သေဆုံးခဲ့တာဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်းကတော့ အမည်မသိ အလောင်း နှစ်လောင်းဟာ ဓမ္မတာအတိုင်း သေဆုံးတာဟုတ်မဟုတ်  သေမှုသေခင်း အမှုဖွင့်စုံစမ်းစစ်ဆေးနေပါတယ်။ သတင်း-မောင်မောင်လင်း၊  ဓာတ်ပုံ-သန္တိသုခပရဟိတ လူမှုကူညီရေးအသင်း
2 months Ago
Up