အမည်ပျက်စာရင်း

June 7, 2018

အရည်အသွေးစံချိန်မမီ ကျောင်းဆောက်သည့် ကုမ္ပဏီကို အမည်ပျက်စာရင်းသွင်းရန် တောင်းဆို

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ တာတိုင်းကျေးရွာရှိ မူလတန်း ကျောင်းဆောင်သစ်ဟာ ဆောက်လုပ်ပြီး ၄ လခန့်အကြာမှာ အောက်ခြေဖောင်ဒေးရှင်းကနေ စတင်အက်ကွဲနေလို့ တာဝန်ယူဆောက်လုပ်တဲ့ ကုမ္ပဏီကို နာမည်ပျက် စာရင်းသွင်းဖို့ တိုင်းလွှတ်တော်မှာ အစီရင်ခံစာ တင်သွင်းလိုက်ပါတယ်။ အလျား ၆၀ ပေ၊ အနံ ၃၀ ပေရှိတဲ့ တထပ်ကျောင်းဆောင်ကို ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ပညာရေးရန်ပုံငွေနဲ့ ပြည့်ကုဋေကုမ္ပဏီက တာဝန်ယူဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အထိ ကျောင်းဆောင်ကို အပ်နှံခြင်းမရှိသေးတဲ့အပြင် ကျောင်းဆောင်က အသုံးမပြုရသေးခင်ကတည်းက ကြမ်းပြင်၊ နံရံတွေမှာ အက်ကွဲနေတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာကျောင်းကော်မတီက စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီကို တင်ပြခဲ့တာကြောင့် အခုလ ၂ ရက်နေ့က ကော်မတီတာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(မုံရွာ)မှ ပညာရှင်တွေပါဝင်တဲ့အဖွဲ့ သွားရောက်စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးရာမှာ ဒေသခံတွေ တင်ပြခဲ့တဲ့အတိုင်း ကျောင်းဆောင်က အရည်အသွေး မပြည့်မီတာကြောင့် ကုမ္ပဏီကို အမည်ပျက်စာရင်းတင်သွင်းပေးဖို့ ဇွန်လ ၇ ရက်နေ့က ကျင်းပတဲ့ တိုင်းဒေသကြီးလွှတ်တော်မှာ ကော်မတီဥက္ကဋ္ဌက အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။ ကော်မတီရဲ့ အစီရင်ခံစာမှာပါ ပညာရှင်တွေရဲ့အကြံပြုချက်မှာတော့ ကျောင်းဆောင်ကို အမာခံမြေသားအထိ ဖောင်ဒေးရှင်းတူး ကျောက်ကြီးခံပြီးမှာ အသစ်ပြန်လည်တည်ဆောက်ရန်၊ ကုမ္ပဏီအနေနဲ့ ခိုင်ခန့်တဲ့ ကျောင်းဆောင် တဆောင်ပြန် ဆောက်လုပ်ပေးတာမရှိရင် စာချုပ်ပါ စည်းမျဉ်းစည်းကမ်းအတိုင်း အရေးယူဖို့အပြင်  ကုမ္ပဏီကို အမည်ပျက်စာ ရင်းသွင်းပြီး ကုမ္ပဏီမှာ ပါဝင်ပတ်သက်သူတွေကိုပါ အမည်ပျက်စာရင်းသွင်းကြောင်း ကြေညာပေးဖို့ ပို့/ဆက်/ဆောက် ရေးရာကော်မတီဥက္ကဋ္ဌ ဦးဝဏ္ဏက လွှတ်တော်ကို တင်ပြခဲ့တာပါ။ ဒီိကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်က မှတ်တမ်းတင်ဖို့ သင့်မသင့်ကို ဥက္ကဋ္ဌက မေးမြန်းရာမှာ ကန့်ကွက်သူမရှိတဲ့အတွက် အတည်ပြု မှတ်တမ်းတင်ခဲ့ပါတယ်။ ကျောင်းကော်မတီနဲ့ ကျောင်းသားမိဘတွေကတော့ ကျောင်းဆောင်ကို အသစ်ပြန် ဆောက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ကုမ္ပဏီကတော့ အက်ကွဲကြောင်းတွေကို ဖာထေးတာတွေ ပြုလုပ်ပြီး အသေးစားပြင်ဆင်မှုတွေ လုပ်ဆောင်နေတာပါ။ ခင်ဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းသင်းကြူက “ဒီကိစ္စကို လွှတ်တော်က မှတ်တမ်းတင်ပြီးပြီဆိုတော့ အစိုးရဘက်က ဘယ်လိုဆက်လက်အရေးယူ ဆောင်ရွက်မလဲဆိုတာကို စောင့်ကြည့်ရမှာပါ”လို့ပြောပါတယ်။ လောလောဆယ်မှာတော့ ကျောင်းသားတွေကို ဒီအဆောင်ထဲမှာ မထားဖို့ ပြောထားပြီး ဘေးလွတ်ရာမှာ ယာယီကျောင်းဆောင်ဆောက်ပြီး သင်ဖို့ ပြောထားတယ်လို့ ဆိုပါတယ်။ အဆောက်အဦတွေ အရည်အသွေးပြည့်မီတာမရှိရင်၊ စာချုပ်ပါစည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီရင် ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တဲ့အပြင် ဆောက်လုပ်တဲ့ ကုမ္ပဏီတွေကိုလည်း တင်ဒါစည်းမျဉ်းစည်းကမ်း ဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောပါတယ်။ ဒါ့အပြင် Third Party တွေနဲ့လည်း စစ်ဆေးဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်းအတွင်း တိုင်းဒေသကြီးရန်ပုံငွေ၊ ပြည်ထောင်စုရန်ပုံငွေနဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေထဲက တချို့ဟာ အရည်အသွေးမမီတဲ့အတွက် စိစစ်အရေးယူပေးဖို့ လွှတ်တော်ကတဆင့် တင်ပြတောင်းဆိုတာတွေလည်းရှိနေပါတယ်။
3 years Ago

August 11, 2016

အမည်ပျက်စာရင်းကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပေးရန် ဦးမောင်မောင်ဝမ်း တိုက်တွန်း

ပြည်ပရောက် နိုင်ငံရေးသမားတွေ ပြည်တော်ပြန်နိုင်ဖို့အတွက် အစိုးရက Black list  အမည်ပျက်စာရင်းကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပေးဖို့ လိုအပ်တယ်လို့ ရန်ကုန်လေဆိပ်ကနေ ၂ ကြိမ် ပြန်ပို့ခံလိုက်ရတဲ့ ဦးမောင်မောင်ဝမ်းက တိုက်တွန်းလိုက်ပါတယ်။ ဦးမောင်မောင်ဝမ်းဟာ ၈၈ အရေးအခင်းကာလက ရေနံချောင်းတ၀ိုက်မှာ သပိတ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး အခုတော့ အမေရိကန်နိုင်ငံသား ခံယူထားသူ ဖြစ်ပါတယ်။ ဒီလအစောပိုင်းအထိ အမည်ပျက်စာရင်းမှာ ပါဝင်ခဲ့ပြီး သြဂုတ် ၈ ရက်နေ့ကျမှ ပြည်ဝင်ခွင့် ရရှိခဲ့တာပါ။ ဒီမတိုင်ခင်မှာ ၂၀၁၄ ခုနှစ် သြဂုတ်လမှာ တကြိမ်၊ ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့က တကြိမ် ရန်ကုန်လေဆိပ်ကနေ ပြန်ပို့ခံခဲ့ရပါတယ်။ “ပြဿနာတခုက ဘာလဲဆိုတော့ Black list က ကိုယ်က Black list ဟုတ်လား မဟုတ်လားကို မသိဘူး။ ကျနော် ဒီမှာကြားရတယ်ပေါ့၊ လာခါနီးလေးတင်ပေါ့၊ ကျနော်ကြားရတယ်။ တချို့မေးတယ်တဲ့၊ သက်ဆိုင်ရာဌာနတွေကိုပေါ့နော်။ မေးတော့ ဘာမှ ပြန်ဖြေကြားခြင်း မရှိဘူးတဲ့။ ကျနော်တို့က ဘယ်လိုဆုံးဖြတ်ရမှန်းလည်း မသိဘူး။ အဲတော့ ဥပမာဆိုကြပါစို့၊ သံရုံးကိုမေးလို့လည်း မရဘူးပေါ့နော်။ တခါ သံရုံးကနေပြီးတော့ ဗီဇာပေးလိုက်ရင်လည်း စိတ်ချရတဲ့ အနေအထားမှာ မရှိဘူးဖြစ်နေတယ်။ တိုင်းပြည်ထဲဝင်လာရင် ပြန်နှင်ထုတ်မလားဆိုတဲ့ သံသယစိတ်တွေ ရှိတယ်ပေါ့နော်။ အဲဒါအတွက် လက်ရှိ သက်ဆိုင်ရာပုဂ္ဂိုလ်တွေ အနေနဲ့ ပြတ်ပြတ်သားသား တခုတော့ ပြောပေးဖို့တော့ လိုပြီပေါ့။ အာမခံချက်ပေါ့နော်။ ဒီကိစ္စတွေက ဒီလိုရှိပါတယ်၊ ဒါဆိုရင် ဒီလိုလုပ်ပေးပါမယ်ဆိုတဲ့ အာမခံချက် ပြတ်ပြတ်သားသား ပြောဖို့တော့လိုပြီ” လို့ Black list  အမည်ပျက်စာရင်း တင်သွင်းခံခဲ့ရဖူးသူ ၈၈ မြေလတ်ကျောင်းသားခေါင်းဆောင် ဦးမောင်မောင်ဝမ်းက ပြောပါတယ်။ အစိုးရက Black List စာရင်း သွင်းခံထားရသူတွေထဲက မြန်မာနိုင်ငံသား ၂၄၈ ဦးကို ပြီးခဲ့တဲ့တပတ်မှာ ရုပ်သိမ်းပေးခဲ့ပေမယ့်  နောက်ထပ် မြန်မာနိုင်ငံသား ၁၈၅ ဦး ကျန်နေပါတယ်။ ဒါပေမယ့် ဘယ်သူဘယ်ဝါတွေက အမည်ပျက်စာရင်းထဲမှာ ပါနေတယ်ဆိုတာ အတိအကျ မသိရတဲ့အတွက် တာဝန်ရှိတဲ့ အစိုးရအဖွဲ့အစည်းတွေ အနေနဲ့  Black List အမည်ပျက်စာရင်းကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပေးဖို့ လိုအပ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း တဦးလည်းဖြစ်တဲ့ ဦးမောင်မောင်ဝမ်းက ပြောပါတယ်။ နိုင်ငံရေးအရ ပြည်ပကို ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်အောင် အစိုးရသစ်အနေနဲ့ ပွင့်ပွင့်လင်းလင်း ကြေညာပေးသင့်တယ်လို့ ၈၈ ကျောင်းသားခေါင်းဆောင်၊ အောက်မြန်မာပြည် ဗကသအတွင်းရေးမှူးဟောင်း ကိုဗသက်အောင်က တိုက်တွန်းပြောဆိုပါတယ်။ “အန်အယ်လ်ဒီအစိုးရဖြစ်လာပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်အောက်မှာ အခုလက်ရှိ ပြည်ထဲရေးကလည်း သူက လက်အောက်ခံအနေနဲ့ ပါဝင်နေတော့ သူတို့အနေနဲ့ အရင်တုန်းက Black List လုပ်ထားတဲ့ နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ်တဲ့ သူတွေကို၊ Black List လုပ်ထားတဲ့သူတွေကို ပွင့်ပွင့်လင်းလင်းပေါ့ ကြေညာပေးပါ။ ပြီးရင် သူတို့နဲ့ပတ်သက်ပြီးတော့ ပြည်တွင်းကို ဂုဏ်သိက္ခာရှိရှိနဲ့ ၀င်လာနိုင်ဖို့အတွက်လည်း ပွင့်လင်းမြင်သာစွာနဲ့ ကြေညာပေးပါ။ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအနေနဲ့လည်း ဒီအပေါ်မှာ လက်ရှိ ပြည်ထဲရေးဝန်ကြီးကိုလည်း ပြတ်ပြတ်သားသား တာဝန်ခံမှု၊ တာဝန်ယူမှုတွေ လုပ်ပေးဖို့ တိုက်တွန်းဖို့ လိုတယ်လို့ ကျနော်မြင်တယ်။” အရင်အစိုးရတွေလက်ထက်က ၀န်ကြီးဌာန ၁၅ ခုကနေ Black List စာရင်းသွင်းခံထားရသူပေါင်း  မြန်မာနိုင်ငံသား ၄၄၃ ဦးနဲ့ နိုင်ငံခြားသား ၃၉၃၇ ဦး ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံသား ၁၈၅ ဦး၊ နိုင်ငံခြားသား ၃၅၆၆ ဦး စုစုပေါင်း ၃၇၅၁ ဦးနဲ့  နိုင်ငံကူးလက်မှတ် ပယ်ဖျက်ထားတဲ့ နိုင်ငံကူးလက်မှတ် ၄၈၄၅ အုပ်တို့သာ Black List သွင်းထားတယ်လို့ သိရပါတယ်။
5 years Ago
Up