အဘွားအိုအိုလစ်

A d v e r t i s e m e n t With Us

April 14, 2020

ဘီယာကုန်သွားလို့ နာမည်ကျော်သွားသည့် အဘွားအို

ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့အတွက် အိမ်ထဲမှာပဲ နေနေရတဲ့ အသက် ၉၃ နှစ်အရွယ် အဘွားအိုတဦးဟာ ကြီးမားတဲ့ ပြဿနာတခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒါကတော့ သူ့ရဲ့အိမ်မှာ ဘီယာပြတ်သွားတာပါပဲ။  ဒီအခြေအနေမှာ အဘွားအို အိုလစ်ဗီရိုနက်ဆီက သူ့ဆီမှာ ပြတ်လပ်နေတဲ့ပစ္စည်းကို ရရှိဖို့ အကောင်းဆုံးနဲ့ တီထွင်ဖန်တီးမှုပါဝင်တဲ့ နည်းလမ်းတခုကို ရွေးချယ်အသုံးပြုခဲ့ပြီး လက်ရှိအချိန်မှာတော့ သူမဟာ ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာ တော်တော်လေး နာမည်ကြီးနေပြီပဲ ဖြစ်ပါတယ်။  ပင်ဆယ်ဗေးနီးယားမှာ နေထိုင်တဲ့ ပင်စင်စား အိုလစ်ဟာ ဝှိုက်ဘုတ်တခုပေါ်မှာ စာရေးသားခဲ့ပြီး ဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။ သူ့စာမှာ “ငါ ဘီယာ လိုအပ်နေတယ်” လို့ ပါဝင်ပြီးတော့ တခြားလက်တဘက်မှာလည်း ဘီယာတဘူးကို ကိုင်ထားတာ တွေ့ရပါတယ်။ ဒီဓာတ်ပုံကို သူမရဲ့ အိမ်ပြတင်းပေါက်နေတဆင့် ရိုက်ကူးခဲ့တာဖြစ်ပြီးတော့ ဒေသတွင်းရုပ်သံတခုရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ခဲ့ပါတယ်။  အဲဒီလုပ်ရပ်ကြောင့် သူမရဲ့ဓာတ်ပုံဟာ လူ ၁ သန်းလောက်ဆီ ပျံ့နှံ့ရောက်ရှိသွားပါတယ်။ ဓာတ်ပုံကြောင့်ပဲ လူပေါင်းများစွာက သူမကို ဘီယာ လာပို့ပေးဖို့ ကမ်းလှမ်းလာကြပါတယ်။ အဲဒီနောက်မှာတော့ တခြားလူတွေဟာလည်း အိုလစ်ရဲ့ ဓာတ်ပုံနဲ့အတူ သူတို့ဟာ သူတို့ရဲ့ သက်ကြီးရွယ်အိုဆွေမျိုးတွေအတွက် ဘီယာ မပြတ်သွားအောင် ဘယ်လိုစီမံထားလဲ ဆိုတာကို လူမှုကွန်ရက်မှာ ဝေမျှခဲ့ကြပါတယ်။  အိုလစ်ဟာ အသက် ၉၀ ကျော်အရွယ်ရှိတာကြောင့် သူမဟာ COVID–19 ရောဂါ ကူးစက်ခံရနိုင်ခြေ အများဆုံးအုပ်စုထဲမှာ ပါဝင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ သက်ကြီးရွယ်အိုတွေမှာ ပိုပြီးရောဂါပြင်းထန်နိုင်တာကြောင့် နိုင်ငံအများစုက အသက် ၇၀ ကျော်အရွယ်တွေကို အိမ်မှာပဲ နေဖို့၊ ပိုမိုဂရုစိုက်ဖို့နဲ့ မိသားစုဝင်တွေနဲ့ ထိတွေ့မှုကို ရှောင်ရှားကြဖို့ တိုက်တွန်းထားပါတယ်။
11 months Ago
Up