စတိုင်းဆိုင်မှာ အလုပ်လုပ်နေတဲ့ အဘွားအိုတဦးကို အိတ်ဆောင်မောင်းချဓား ကိုင်ဆောင်ပြီး ခြိမ်းခြောက်လုယက်ဖို့ ကြိုးစားခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသားကို မတ်လ ၂၈ ရက်နေ့က ဖမ်းဆီးလိုက်တယ်လို့ ရဲတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ စင်ကာပူနိုင်ငံမှာ ဖြစ်ခဲ့ပြီး အဓိကလမ်းမကြီးတခုဖြစ်တဲ့ ဂျလန်း ဘီဆာ (Jalan Besar) ပေါ်က တာဝှစ် (Tyrwhitt) လမ်းပေါ်ရှိ စတိုးဆိုင်မှာ အလုပ်လုပ်နေတဲ့ အသက် ၇၈ နှစ်အရွယ် အဘွားအိုကို အမျိုးသားတဦးက မောင်းချထားကိုင်ပြီး ခြိမ်းခြောက်လုယက်ဖို့ ကြိုးစားခဲ့တယ်လို့ မတ်လ ၂၈ ရက်နေ့ နေ့လယ်မှာ ရဲတွေက သတင်းရရှိခဲ့တာပါ။
အဘွားအိုက အမျိုးသားကို ပြန်လည်တိုက်ခိုက်လို့ အဲဒီအမျိုးသား ဘာမှမရဘဲ ထွက်ပြေးသွားသလို တိုက်ခိုက်ခဲ့တဲ့ အဘွားအိုလည်း ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သိရပါတယ်။
သတင်းရရှိပြီးလို့ ၅ နာရီအကြာမှာ ရဲတွေက လုယက်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသားကို လာဗန်ဒါလမ်းပေါ်မှာ ဖမ်းမိပြီး သူ့ဓားကိုလည်း သိမ်းဆည်းလိုက်ပါတယ်။
လုယက်ဖို့ကြိုးစားမှုနဲ့ အဲဒီအမျိုးသားကို မတ်လ ၂၉ ရက်နေ့က တရားစွဲဆိုခဲ့ပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၂ နှစ်ကနေ ၇ နှစ်ကြား ကျခံရနိုင်သလို အနည်းဆုံး ကြိမ်ဒဏ် ၁၂ ချက်လည်း ချမှတ်ခံရနိုင်တယ်လို့ ချန်နယ်နယူးစ်အေးရှား သတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago