အဘွားလက်ထဲ ၇ နှစ်တိုင် ကြီးပြင်းခဲ့သည့် အမြွှာကို ဖခင်က အတင်းလုယက်ခေါ်ယူ (ရုပ်သံ)

April 26, 2017

အဘွားလက်ထဲ ၇ နှစ်တိုင် ကြီးပြင်းခဲ့သည့် အမြွှာကို ဖခင်က အတင်းလုယက်ခေါ်ယူ (ရုပ်သံ)

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဆီစကစ်ခရိုင်ထဲမှာ အဘွားဖြစ်သူက မွေးကတည်းကစပြီး ၇ နှစ်သမီးအရွယ်ထိ ပြုစုစောင့်ရှောက်လာခဲ့တဲ့ အမြွှာသမီး ၂ ဦးကို ဖခင်ဖြစ်သူက အတင်းအကြပ် လုယက်ခေါ်ယူသွားတဲ့ ရုပ်သံဖိုင် ထိုင်းလူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။ ဆီစကစ်ခရိုင် ဥထွမ်းဖွန်းဖိဆိုင်မြို့နယ်က အသက် ၆၆ နှစ်အရွယ်ရှိ နန်းဆောင်ဖုန်းထောက်ဆိုသူ အမျိုးသမီးကြီးဟာ မိဘမဲ့လိုဖြစ်နေတဲ့ အမြွှာမြေးမလေး ၂ ဦးကို ဘိုင်ဘို (ကြာဖက်) နဲ့ ဘိုင်တောင် (ငှက်ပျောဖက်) လို့ အမည်ပေးပြီး ကျွေးမွေးစောင့်ရှောက်လာခဲ့ရာမှာ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်မှာတော့ ကလေးဖခင်နဲ့ ဆွေမျိုးတွေဟာ ရှေ့နေနဲ့အတူ အိမ်ကိုရောက်လာပြီး မြေးမိန်းကလေး ၂ ဦးကို အတင်းဆွဲခေါ် လုယက်သွားတာ ခံလိုက်ရပါတယ်။ သူမရဲ့သမီးဟာ နိုင်းဆုရချိုင်းဆိုသူနဲ့ အိမ်ထောင်ကျပြီး ကလေးမွေးမွေးချင်း သေဆုံးသွားကြောင်း၊ ဖခင်ဖြစ်သူကလည်း လာရောက်ကြည့်ရှုမှု မရှိသလောက် နည်းပါးခဲ့သလို ကလေးစရိတ် ထောက်ပံ့ခြင်းလည်း မရှိခဲ့ဘူးလို့ အဘွားဖြစ်သူက ပြောပါတယ်။ ကလေးကို လာခေါ်တဲ့နေ့က အဘွားဖြစ်သူကို သံယောဇဉ်တွယ်နေတဲ့ ကလေး ၂ ဦးလုံး အဖေနဲ့ မလိုက်နိုင်တာကြောင့် ငိုယိုထွက်ပြေးခဲ့ပါတယ်။ ကလေးကို ဖမ်းမိတဲ့အခါ ကလေး ၂ ဦးက အဘွားနဲ့ အဒေါ်ကို အတင်းဖက်ထားသလို ဖခင်ဘက်ကလည်း မရမက ပြန်ဆွဲခေါ်သွားကြပါတယ်။ ဒါ့အပြင် နယ်မြေရဲစခန်းကလည်း အဘွားဖြစ်သူကိုခေါ်ယူကာ တရားဥပဒေအရ ကလေးကို သူ့ဖခင်က ပြန်ခေါ်ပိုင်ခွင့်ရှိလို့ ခွင့်ပြုကြောင်း လက်မှတ်ရေးထိုးစေခဲ့ပါတယ်။ သမီးလည်းရှုံး၊ မြေး ၂ ဦးကိုလည်း ဆုံးရှုံးခဲ့ရတဲ့ အဘွားဖြစ်သူဟာ မြေးတွေရဲ့ဓာတ်ပုံကို ကြည့်ရင်း ရင်ကွဲမတတ် ငိုကျွေးကာ သူမအပေါ် စာနာသနားကြဖို့ လူမှုကွန်ရက်ကနေ တောင်းပန်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ခေါင်ဆွတ်သတင်းဌာနက နယ်မြေရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ တာဝန်ကျစခန်းမှူးက ကလေးဖခင်က ရှေ့နေနဲ့အတူရောက်လာပြီး ဖခင်ဖြစ်ကြောင်း အထောက်အထားပြခဲ့လို့ ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း၊  ကလေးခေါ်စဉ် လိုက်ပါသွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပြန်ပြောပြတော့မှ ရုန်းရင်းဆန်ခတ်ဖြစ်နေတာ သိရကြောင်း၊ ကလေးဖခင်အနေနဲ့ ကလေးခေါ်ပိုင်ခွင့်ရှိပေမယ့် အနေကြာလို့ စိမ်းနေတဲ့ သမီးတွေကို ရင်နှီးခင်တွယ်အောင် ဦးစွာ လုပ်သင့်တယ်လို့ ပြောသွားပါတယ်။ ကလေးဖခင်ကို မေးမြန်းရာမှာတော့ သူဟာ ကလေးတွေထံ နှစ်စဉ် ရောက်ခဲ့သလို ငွေကြေးထောက်ပံ့ကူညီမှုလည်းရှိကြောင်း၊ ဗွီဒီယိုကလစ်ထဲ ရုန်းရင်းဆန်ခတ် ဖြစ်နေရတာကတော့ ဘာမှမဖြေလိုဘဲ တရားဥပဒေလမ်းကြောင်းအတိုင်း သွားနေကြောင်း၊ အဲဒီဗွီဒီယိုဖိုင် ပြန့်သွားပြီးတဲ့နောက် သူ့အနေနဲ့ လူ့အသိုင်းအဝိုင်းရဲ့ ပြစ်တင်ဝေဖန်မှုတွေ အပြင်းအထန်ခံနေရလို့ ဗွီဒီယိုရိုက်ကူးဖြန့်ဝေသူကို ကွန်ပျူတာဥပဒေနဲ့ တရားစွဲသွားမယ်လို့ ပြောပါတယ်။ ကလေး ၂ ဦးလည်း သူတို့အိမ်မှာ ကောင်းစွာရှိနေကြောင်း၊ ဒီကိစ္စ သူ့ရဲ့ ဒုတိယဇနီး (ကလေးမိထွေး) နဲ့ မသက်ဆိုင်ကြောင်း၊ အဘွားဖြစ်သူအနေနဲ့ ကလေးတွေဆီ အချိန်မရွေး လာလည်လို့ရကြောင်း ဖြေဆိုပါတယ်။ ဧပြီ ၂၆ ဒီကနေ့ မနက်က ကလေးတွေကို သွားတွေ့ဖို့ အဘွားနဲ့ အဒေါ်ဖြစ်သူက နွန်ထပူရီခရိုင်ရှိ ကလေးအဖေအိမ်ကို လိုက်သွားပေမယ့် တံခါးတွေပိတ်ထားလို့  နယ်မြေရဲစခန်းကို အကြောင်းကြားထားပြီး နွန်ထပူရီခရိုင် လူမှုဖွံ့ဖြိုးရေးနဲ့ လူသားရင်းမြစ်တည်တံ့ရေးဌာန (လူမှုဖူလုံရေးဌာန) ကို သွားရောက်တိုင်ကြားခဲ့ပါတယ်။ အဲဒီ လူမှုဖူလုံရေးဌာနကတော့ သူတို့အနေနဲ့ ကလေးသူငယ်များ အခွင့်အရေးနဲ့ အကာအကွယ်ပေးရေး ဥပဒေနဲ့ ကူညီပေးသွားမယ့်အကြောင်း၊ ဖခင်နဲ့နေရတဲ့ အခြေအနေတွေလည်း စောင့်ကြည့်ရမှာဖြစ်ပြီး ကလေးတွေရဲ့ စိတ်ကျန်းမာရေးထိခိုက်မှု၊ လုံခြုံမှုမရှိတဲ့ အခြေအနေမျိုးမှာ တရားရုံးရဲ့ အဆုံးအဖြတ်ကို ခံယူရမှာဖြစ်ကြောင်း ပြောသွားတယ်လို့ ဆိုပါတယ်။
4 years Ago
Up